TikTok ရဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ထိုးရောင်းချလိုက်ဖို့ထက် လုပ်ငန်းပိတ်သိမ်းဖို့ကို တရုတ်အစိုးရဘက်မှ လိုလားနေတယ်လို့ ဆိုပါတယ်။
တရုတ်နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ ByteDance ပိုင် TikTok ကို အမေရိကန်အစိုးရမှ နိုင်ငံအတွင်းရှိ လုပ်ငန်းများ ရောင်းချခြင်း မပြုပါက ပိတ်ပင်သွားဖို့ ခြိမ်းခြောက်ထားတာပါ။ ဩဂုတ်လဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်အရ စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး TikTok ရဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ကုမ္ပဏီတွေဆီ ရောင်းချရမှာ ဖြစ်ပါတယ်။

Photo: Wall Street Journal
ByteDance ဟာ TikTok ရဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို ရောင်းချဖို့ Microsoft နဲ့ Oracle အပါအဝင် ဝယ်လက်တစ်ချို့နဲ့ စကားပြောထားတယ်လို့ ဆိုပါတယ်။ Reuters က ရတဲ့ သတင်းအရင်းအမြစ်တွေအရ ဒီလိုအတင်းထိုးရောင်းချလိုက်ရခြင်းဟာ ByteDance နဲ့ တရုတ်နိုင်ငံတို့ပေါ် ဝါရှင်တန်ဆီက ဖိအားတွေနဲ့ ရင်ဆိုင်ရာမှာ အားနည်းစေနိုင်တယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်ဟာ အမျိုးသားလုံခြုံရေးသဘောတရားကို နိုင်ငံခြားကုမ္ပဏီတွေကို ဖိနှိပ်ရာမှာ တလွဲအသုံးပြုနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Zhao Lijian က GSMArena ကို ပြောထားပါတယ်။ ဒါပေမယ့်လည်း TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကတော့ တရုတ်အစိုးရအဖွဲ့ဆီကနေ TikTok ရဲ့ အမေရိကန်နဲ့ တစ်ခြားဈေးကွက်တွေကို ပိတ်ချသင့်ကြောင်း ဘယ်တော့မှ အကြံပြုပြောကြားခြင်း မရှိဘူးလို့ ပြောပါတယ်။
Photo: 9to5mac
အမေရိကန်သမ္မတရဲ့ အထူးအမိန့်ထွက်လာပြီးနောက် Instagram ဟာ TikTok အတိုင်း ကူးချထားတဲ့ Reels ဆိုတဲ့ features သစ်ကို ဖြန့်ချိခဲ့ပါတယ်။ TikTok ရဲ့ CEO အဖြစ် အလုပ်ဝင်ပြီး သုံးလခန့် သက်တမ်းပဲ ရှိသေးတဲ့ Disney အမှုဆောင်ဟောင်း ကယ်ဗင်မေယာဟာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပါတယ်။
တရုတ်အစိုးရဘက်ကလည်း နည်းပညာပို့ကုန်ဥပဒေပြင်ဆင်ခဲ့ပြီး TikTok ကို အမေရိကန်ကုမ္ပဏီတစ်ခုခုဆီ ရောင်းချမှုမှ တားမြစ်ဖို့ ရှိပါတယ်။ TikTok ရဲ့ လူငယ်ပရိတ်သတ်နဲ့ ယင်းရဲ့ Algorithms ကို ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ Microsoft ၊ Oracle နဲ့ Walmart တို့အနေနဲ့ TikTok ကို ဝယ်နိုင်မလား ဆိုတာ စက်တင်ဘာ ၂၀ ရက်နေ့အထိ စောင့်ကြည့်ရမှာပါ။