ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအရှိန်မြင့်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာကို Spotify ရဲ့ ဝန်ထမ်းအင်အားဟာ ၃ ပုံ ၁ ပုံအထိ ထပ်တိုးခဲ့ပါတယ်။
ကမ္ဘာကျော် ဆွီဒင် Music Streaming ကုမ္ပဏီဟာ နှစ်အနည်းငယ်အတွင်း လုပ်ငန်းဖွံ့ဖြိုးမှု အရှိန်မြင့်တက်လာခဲ့ရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတလွှားဝန်ထမ်းအင်အား ၆၅၅၄ ဦးအထိ ခန့်အပ်နိုင်ခဲ့တယ်လို့ Business Insider သတင်းက ဆိုပါတယ်။ Spotify podcast အစီအစဉ်တင်ဆက်သူ ဂျိုးရော်ဂင်ရဲ့ COVID ဆေးအကြောင်း တလွဲပြောကြားမှုတွေကြောင့် အငြင်းပွားစရာတွေ ကြုံနေပေမယ့်လည်း Spotify ကုမ္ပဏီဟာ Podcast စီးပွားရေးကို ဈေးကွက်သစ်တွေ ထိုးဖောက်ဖို့ ဝန်ထမ်းသစ်တွေ ဆက်ခေါ်နေပါတယ်။

Photo: Reuters
လောလောဆယ် Spotify က တင်ထားတဲ့ အလုပ်ခေါ်စာ ၄၄၈ နေရာရှိပြီး ရုံးတက်စရာမလိုဘဲ ရောက်လေရာနေရာကနေ အလုပ်လုပ်နိုင်အောင်ပါ စီစဉ်ပေးထားပါတယ်။ Spotify က ပေးတဲ့ လုပ်ခလစာလည်း အတော်လေး မြင့်တဲ့အထဲ ပါပါတယ်။ အမေရိကန် အလုပ်သမားရုံးရဲ့ နိုင်ငံခြားလုပ်သားလက်မှတ်ထုတ်ပေးတဲ့ဌာနရဲ့ အချက်အလက်တွေထဲမှာ Spotify ရဲ့ လစာနှုန်းထားတွေ ဖော်ပြထားပါတယ်။
အလုပ်သမားဌာနက ထွက်လာတဲ့လစာနှုန်းထားအရ Spotify ဟာ ၂၀၁၉ အောက်တိုဘာနဲ့ ၂၀၂၁ စက်တင်ဘာလအတွင်း အမေရိကန်ဝန်ထမ်းတွေကို တစ်နှစ်လုပ်ခလစာ ဒေါ်လာ ၆၀၀၀၀ ကနေ ဒေါ်လာ ၂၉၃၀၀၀ နှုန်းအထိ ရာထူးအဆင့်အတန်းအလိုက် ပေးထားတယ်လို့ ဆိုပါတယ်။ Spotify ကုမ္ပဏီက တစ်နှစ်စာ ပေးတဲ့ လစာနဲ့ ဘောနပ်စ်ဆုကြေးဟာ ပျမ်းမျှ ဒေါ်လာ ၁၁၈၆၉၀ (တစ်နာရီ ၅၇ ဒေါ်လာနှုန်း) ရှိပါတယ်။ လစာစုစုပေါင်းရဲ့ တစ်ဝက်လောက်က ၁၁၆၄၇၇ ဒေါ်လာ နဲ့ အထက်မှာ ရှိနေပါတယ်။
လစာအမြင့်ဆုံးဟာ Director of Sales အလုပ်ဖြစ်ပြီး တစ်နှစ် ဒေါ်လာ ၂ သိန်း ရပါတယ်။ အနည်းဆုံးအလုပ်က Marketing Associate ဖြစ်ပြီး ဒေါ်လာ ၄၅၉၀၀ ဖြစ်ပါတယ်။ ဌာနအလိုက် ပျမ်းမျှ လစာနှုန်းထားဟာ Operations ပိုင်း (၇၈၅၇၂ ဒေါ်လာ) ၊ Design (ဒေါ်လာ ၁၃၅၀၀၀) ၊ Sales (ဒေါ်လာ ၁၃၂၅၀၀) နဲ့ Product (၁၆၁၃၃၃ ဒေါ်လာ) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Reuters
Spotify ဟာ Gimlet Media ၊ Anchor နဲ့Parcast တို့ကို ဝယ်ဖို့ဒေါ်လာ သန်း ၄၀၀ သုံးခဲ့ပါတယ်။ podcast စီးပွားရေးဟာ ကုမ္ပဏီကို ကမ္ဘာ့ထိပ်တန်း audio ပလက်ဖောင်းဖြစ်စေမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့podcast ကုမ္ပဏီတွေကို ဝယ်ခဲ့တာပါ။ ဒါတင်မဟုတ်ဘဲ သီချင်းထုတ်လွှင့်ခွင့်ပေါ် ငွေအား အများကြီး သုံးနေရတာကို လျှော့ချဖို့ podcast စီးပွားရေးထဲ ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ကနေ မတ်လအထိ ၃ လပတ်အတွင်း Spotify ဟာ ဖောက်သည် ၄ သန်း ရခဲ့ပြီး ဈေးကွက်ကျွမ်းကျင်သူတွေ အစောပိုင်းက ခန့်မှန်းထားတဲ့ ၃.၃ သန်းထက် ပိုမြင့်ခဲ့ပါတယ်။ တတိယသုံးလပတ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ဝင်ငွေ ၂၇% မြင့်တက်ခဲ့ပြီး ယူရို ၂.၅ ဘီလျံ (ဒေါ်လာ ၂.၉၀ ဘီလျံ) အထိ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒုတိယသုံးလပတ်ဝင်ငွေ ယူရို ၂.၃၃ ဘီလျံထက် ၇% မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။