• Featured

    အမေရိကန်လေဆင်နှာမောင်းကြောင့် လူ ၈၈ ဦးထက်မနည်း သေဆုံးပြီး ၁၀၉ ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုထား

လေဆင်နှာမောင်းဒဏ် အဓိက ခံခဲ့ရတဲ့ ကင်တက်ကီပြည်နယ်မှာ လူ ၇၄ ဦး သေဆုံးပါတယ်

အမေရိကန်နိုင်ငံ ပြည်နယ် ၆ ခုမှာ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းတွေကြောင့် သေဆုံးသူအရေအတွက် ၈၈ ဦးထက်မနည်းရှိခဲ့ကြောင်း အာဏာပိုင်တွေရဲ့ နောက်ဆုံးထုတ်ပြန်ထားမှုအရ သိရှိရပါတယ်။

image

အစောပိုင်းမှာ ကင်တက်ကီပြည်နယ် Mayfield မြို့ရှိ ဖယောင်းတိုင်စက်ရုံအတွင်း လူဦးရေ ဒါဇင်နဲ့ချီ သေဆုံးနိုင်ကြောင်း ယူဆထားခဲ့ပေမဲ့ ၎င်းတို့ အသက်ရှင်ခဲ့တယ်လို့ ဆိုပါတယ်။ လေဆင်နှာမောင်းများတိုတ်ခတ်စဥ် ထိုစက်ရုံအတွင်း လူ ၁၁၀ ခန့် အလုပ်လုပ်နေခဲ့ကြတယ်လို့ သိရပါတယ်။

ဖယောင်းတိုင်စက်ရုံပိုင်ရှင်ရဲ့ ပြောကြားမှုအရ လေဆင်နှာမောင်းကြောင့် စက်ရုံပြိုကျမှုအတွင်း လူ၈ ဦး သေဆုံးခဲ့ပြီး ၉၄ ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဖယောင်းတိုင်စက်ရုံမှ သတင်းအချက်အလက်ကို မှန်ကန်ကြောင်း အတည်ပြုသိရှိနိုင်ရန် ဆောင်ရွက်နေတယ်လို့ ကင်တက်ကီပြည်နယ် အုပ်ချုပ်ရေးမှူး Andy Beshear က ပြောပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုဒဏ်ကို အဓိက ခံခဲ့ရတဲ့ ကင်တက်ကီပြည်နယ်အတွင်း ကလေးငယ် ၆ ဦး အပါအဝင် လူ ၇၄ ဦး သေဆုံးကြောင်းနဲ့ အသက် ၅ လမှ ၈၆ နှစ်အရွယ်တွေဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့ပါတယ်။ ကင်တက်ကီမှာ လူ ၁၀၉ ဦး ပျောက်ဆုံးစာရင်းဝင်နေဆဲဖြစ်ပြီး သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုပမဏကို သိရှိနိုင်ရန် ရက်သတ္တပတ်များ ကြာနိုင်တယ်လို့ ၎င်းကဆိုပါတယ်။

"ကံမကောင်းစွာနဲ့ပဲ နောက်ထပ် သေဆုံးသူဦးရေ တိုးလာပါလိမ့်မယ်" လို့ Adny Beshear က ပြောပါတယ်။ လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် ကင်တင်ကီပြည်နယ်မှာ နေအိမ် ၁,၀၀၀ ပျက်စီးခဲ့ပြီး လက်ရှိအချိန်အထိ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်း ၂၈,၀၀၀ မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။

ယခုဖြစ်စဥ်ဟာ ကင်တက်ကီပြည်နယ်ရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ကြောင်းလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက မှတ်ချက်ပြုပါတယ်။ အီလီနွိုက်စ်ပြည်နယ် Edwardsville မြို့မှာလည်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် Amazon စတိုးရဲ့ ဂိုဒေါင်တစ်ခု ပြိုကျခဲ့ရာ လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

လေဆင်နှာမောင်းတွေဟာ ကင်တက်ကီအပြင် အာကင်ဆက်၊ တင်နက်ဆီ၊ မစ်ဆူရီနဲ့ အီလီနွိုက်စ် အစရှိတဲ့ ပြည်နယ်တွေမှာလည်း ဖြတ်သန်းတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လေဆင်နှာမောင်းများ တိုက်ခတ်မှုအတွင်း တင်နက်ဆီပြည်နယ်မှာ ၃ ဦး၊ အာကင်ဆက်ပြည်နယ်မှာ ၂ ဦးနဲ့ မစ်ဆူရီပြည်နယ်မှာ တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Source & Photo: AFP, Reuters

Share

Loading Next Article...
က္က