ထိုင်းလိဂ်(၁)ကလပ် ဆာမက်ပရာကန်အသင်းဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ကို တစ်နှစ်အငှားစာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ထိုင်းလိဂ်ကလပ် ချင်းရိုင်အသင်းမှာ ကစားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဆာမက်ပရာကန်အသင်းနဲ့ စာချုပ်လိုက်ပြီဖြစ်ပါတယ်။ ကျော်ကိုကိုဟာ ချင်းရိုင်အသင်းမှာ ဒဏ်ရာရရှိခဲ့လို့ တစ်နှစ်နီးပါးအနားယူခဲ့ရပြီးနောက်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့အတွက် ရန်ကုန်ယူနိုက်တက်အသင်းကနေ ဆာမက်ပရာကန်အသင်းက အငှားစာချုပ်နဲ့ခေါ်ယူခဲ့တာပါ။

ကျော်ကိုကိုဟာ ဆာမက်ပရာကန်အသင်းမှာ ကြံ့ခိုင်မှုနဲ့ဆေးစစ်ချက်အောင်မြင်ပြီးနောက်မှာ အသင်းက တရားဝင်ခေါ်ယူခဲ့ပြီဆိုတာကို ဒီနေ့ည ၉နာရီမှာ အသင်းပိုင်ဖေ့စ်ဘုတ်စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။ ကျော်ကိုကိုဟာ ဆာမက်ပရာကန်အသင်းမှာကျောနံပါတ်(၁၀) ဝတ်ဆင်ကစားမှာလို့လည်း ဆာမက်ပရာကန်အသင်းက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ကျော်ကိုကိုအနေနဲ့ ဆာမက်ပရာကန်အသင်းနဲ့ စာချုပ်နိုင်ခဲ့တဲ့အတွက် အောင်သူ (မြောင်တောင်ယူနိုက်တက်)၊ စည်သူအောင်၊ဇော်မင်းထွန်း (ချွန်ဘူရီ)၊ သိန်းသန်းဝင်း(ရက်ချာဘူရီ) တို့ပြီးနောက်မှာ ထိုင်းလိဂ်ကိုရောက်ရှိလာတဲ့ ငါးဦးမြောက်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ဆာမက်ပရာကန်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပတ္တရားယူနိုက်တက်အသင်းအမည်နဲ့ ထိုင်းလိဂ်မှာ ကစားခဲ့ပြီး အဆင့်(၈)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဆာမက်ပရာကန်စီးတီး အသင်းအမည်နဲ့ထိုင်းလိဂ်မှာဝင်ကစားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆာမက်ပရာကန်အသင်းဟာ ကျော်ကိုကိုအပြင် ဘရာဇီးတိုက်စစ်မှူး ကာလာအိုနဲ့ ကိုရီးယားတိုက်စစ်မှူး ကင်တေယွန်တို့ကို ခေါ်ယူထားပါတယ်။