ဒီတစ်ခေါက်မှာတော့ အစားအသောက်ကြိုက်တဲ့ ဓူဝံစာဖတ်ပရိသတ်တွေအတွက် မနက်ခင်းထမင်းကြော်ဆိုင်တွေထဲက တောင်ဒဂုံအတွင်းက လူကြိုက်အများဆုံးဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အနှစ် ၄၀ ကျော်နေပြီဖြစ်တဲ့ ထမင်းကြော်ဆိုင်
အန်တီစီစီရဲ့ မိခင်ဟာလည်း ထမင်းကြော်ရောင်းခဲ့တာဖြစ်လို့ မိခင်မရှိတော့တဲ့ နောက်ပိုင်းမှာလည်း ဒီထမင်းကြော်ဆိုင်လေးကိုပဲ ဆက်လက်ဖွင့်ခဲ့တာလို့ ဆိုင်ရှင် အန်တီစီစီကပြောပါတယ်။ ဆိုင်ဆိုင်းဘုတ်တွေဘာတွေ ချိတ်ထားတာမျိုးမရှိပေမယ့် အားလုံးကတော့ စီစီထမင်းကြော်ဆိုင်လို့ အလွယ်တကူခေါ်ဆိုခဲ့ကြတာပါ။
တခြားနေရာတွေမှာ ရောင်းချခဲ့ပြီး ဒီ တောင်ဒဂုံမြို့နယ် ၊ (၂၅) ရပ်ကွက်၊ ဇာဒက်ကြီးကျွန်းလမ်းနဲ့ မြိတ်လမ်းထောင့်မှာ ရောင်းချနေခဲ့တာတော့ ၇ နှစ်လောက်ရှိပြီလို့ သိရပါတယ်။
“အန်တီစရောင်းတုန်းကဆိုရင် ၈၀၀ နဲ့ စဖွင့်တာလေ။ ထမင်းကြော်ရောင်းခဲ့တာတော့ အနှစ် ၄၀ လောက်ရှိပြီ။ ဒီနေရာမှာ စရောင်းတာဆိုရင်တော့ ၇ နှစ်လောက်ရှိပြီပေါ့။”
သန့်သန့်ရှင်းရှင်း ချက်ပြုတ်ရောင်းချသူ
ဆိုင်မှာ အပြင်လူ လုံးဝမငှားဘဲ မိသားစု လေးယောက်သာ ချက်ပြုတ်ရောင်းချတာဖြစ်ပါတယ်။ ဟင်းအကျန်အနံ့မထွက်ရစေအောင် ည ၁ နာရီမှာမှ စတင်ချက်ပြုတ်တာလို့လည်း ဆိုပါတယ်။ အကူမခေါ်တဲ့ ရည်ရွယ်ချက်ကတော့ ဟင်းတွေကို သန့်သန့်စင်စင် မကိုင်မှာစိုးလို့ပါဆိုတဲ့စကားကတော့ အန်တီဒေါ်စီစီရဲ့ စေတနာကို အတိုင်းသားမြင်တွေ့ရပါတယ်။
တစ်နေ့ကို ဝက်သားက ၉ ပိသာ ၊ ကြက်သားက ၁ ပိသာ ၅၀သား ၊ဆိတ်သား ၁ပိသာ ၅၀သား ၊ ဘဲဉကတော့ အလုံး ၂၀ နဲ့ ဆတ်သားခြောက်ကြော်က ၁ပိသာ ကုန်တယ်လို့လည်း သိရပါတယ်။
“သားအမိသားအဖ လေးယောက်လုပ်တယ်။ အပြင်လူမခေါ်ဘူး။ အပြင်လူခေါ်လို့ရှိရင် ငါးညှီငါးဟောက်တွေ ဆေးတဲ့အခါကျရင် မစင်ကြယ်မှာစိုးလို့လေ။ ကိုယ်သားအမိတွေပဲ ကိုယ့်ဘာသာကိုယ် စိတ်တိုင်းကျလုပ်တာ။ ဟင်းက တစ်နာရီထိုးထချက်တာ သိလား ၊ ဟိုးညဦးကတည်းက မချက်ထားဘူး။ ညကတည်းက ချက်ထားရင် ဟင်းအကျန်နံ့ထွက်မှာစိုးလို့ ၊ ညကို ၁နာရီ၊ ၁နာရီခွဲ ထချက်တယ်။ မနက် လေးနာရီဆိုပြီးပြီ။ လေးနာရီခွဲဆို ဒီကို ထွက်လာရင် ငါးနာရီဆို ရပြီ။”
ဆိုင်မှာ ရတဲ့ ဟင်းလျာတွေနဲ့ ဈေးနှုန်းတွေ
စီစီထမင်းကြော်ဆိုင်မှာဆိုရင်တော့ ထမင်းကြော်နဲ့ ဘဲပေါင်း၊ ၊ ကြက်အချင်းတိုင်၊ ပုဇွန်ထုပ်၊ ဆိတ်သားနှပ်၊ ကြက်နီမပေါင်း၊ ကြက်ကြော်၊ ဝက်ပေါင်း၊ ဆတ်သားကြော်၊ ဘဲဉဟင်း၊ ကြက်ဉကြော် စတဲ့ ဟင်းလျာအစုံအလင်ရရှိနိုင်ပြီးတော့ ဈေးနှုန်းအားဖြင့်ဆိုရင် ၁၅၀၀ ကနေ ၃၀၀၀ ထိ အစားစား ရရှိနိုင်ပါတယ်။ ဟင်းအမယ်စုံ အရသာကောင်းကောင်းလေးနဲ့ ဟင်းတုံးကြီးကြီးတွေကြောင့် ဆိုင်ကလေးကအမြဲတမ်း စားသုံးသူတွေ ပြည့်လျှံလို့နေပါတယ်။
"စားတဲ့သူလည်းတန်အောင်၊ ကိုယ်လည်းဝမ်းဝတယ်၊ အများကြီးလည်း အမြတ်မတင်ဘူး၊ ကိုယ်စားဖို့သောက်ဖို့ လှူဖို့နဲ့ ဈေးဖိုးဝါးခရရင်တော်ပြီ။ စားတဲ့သူကို စေတနာထားပြီးတော့ပဲရောင်းတယ်။
အရသာကောင်းလို့လည်း တစ်နေ့ကို ဆယ်ပြည်၊ ဆယ့်နှစ်ပြည်လောက်ကုန်တယ်။ အရမ်းရောင်းကောင်းတဲ့ နေ့ဆို ၁၂ ပြည်လောက်ကုန်တယ်။ ဆိတ်သားနှပ်ဆို ၂၈၀၀ ၊ ပါဆယ်ဆို ၃၀၀၀ ပါ။ ပုဇွန်ထုပ် ဆိုလည်း ၂၈၀၀ ပါဆယ်ဆို ၃၀၀၀ ပါ။ ကြက်ကြော်၊ ဝက်ပေါင်း ၊ ကြက်ပေါင်း အဲဒါက ၂၃၀၀ ။ ဆတ်သားခြောက်ကတော့ ၂၈၀၀ ၊ ဘဲဉ ကြက်ဉက ၁၅၀၀ ပါ။”
ဒီလိုအရသာရှိလှတဲ့ ဟင်းလျာအစုံကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ တောင်ဒဂုံ ၂၅ရပ်ကွက် ဘောလုံးကွင်းထောင့်ဘက်က မြိတ်လမ်းနဲ့ ဇာဒက်ကြီးကျွန်းလမ်းထောင့်က စီစီထမင်းကြော်ဆိုင်လေးမှာ မနက် ၅ နာရီခွဲကနေ မနက် ၈နာရီခွဲအထိ ဝယ်ယူရရှိနိုင်ပါတယ်။