ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ကူးစက်မှုအန္တရာယ်ဟာ အလွန်မြင့်မားနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုအရေအတွက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ထိုသို့ သတိပေး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်ဟာ နိုင်ငံအများအပြားမှာ COVID-19 ကူးစက်မှုမြင့်တက်လာခြင်းရဲ့ အကြောင်းရင်းဖြစ်လာကြောင်း WHO က အပတ်စဥ် ပြုလုပ်နေကျ ကပ်ရောဂါဆိုင်ရာ နောက်ဆုံးသတင်းထုတ်ပြန်ရာမှာ ပြောခဲ့ပါတယ်။

"စိုးရိမ်းစရာကောင်းတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်အသစ် အိုမီခရွန်နဲ့ ဆက်နွယ်နေတဲ့ အန္တရာယ်က အလွန်မြင့်မားနေဆဲပါ" လို့ WHO က ဆိုပါတယ်။ ခိုင်မာတဲ့ အထောက်အထားအရ အိုမီခရွန်ကူးစက်မှုတွေ အများဆုံးတွေ့လာရတဲ့ ဗြိတိန်နဲ့ အမေရိကန် အပါအဝင် နိုင်ငံအများအပြားမှာ COVID-19 ကူးစက်မှုအရေအတွက် လျင်မြန်စွာ မြင့်တက်လာကြောင်း သိရပါတယ်။
COVID-19 ကူးစက်မှုနှုန်း အလျင်အမြန် မြင့်တက်လာခြင်းဟာ အိုမီခရွန်ဗိုင်းရပ်စ်သစ်ရဲ့ ကိုယ်ခံစွမ်အားစနစ်ကို ထိုးဖောက်နိုင်မှုနဲ့ ကူးစက်နိုင်မှု တိုးလာခြင်းတို့ ပေါင်းစပ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သို့သော် နိုဝင်ဘာ ၂၄ ရက်နေ့မှာ အိုမီခရွန်ကူးစက်မှု ပထမဆုံး တွေ့ခဲ့ရတဲ့ တောင်အာဖရိကမှာ လေ့လာစောင့်ကြည့်မှုအရ ကူးစက်မှုအရေအတွက် ၂၉ ရာခိုင်နှုန်း လျော့ကျသွားကြောင်း WHO က ထည့်သွင်းပြောပါတယ်။
ဗြိတိန်၊ တောင်အာဖရိကနဲ့ ဒိန်းမတ် နိုင်ငံများမှ အစောပိုင်း အချက်အလက်တွေအရ အိုမီခရွန်ဟာ ဒယ်လ်တာနဲ့ နှိုင်းယှဥ်ပါက ဆေးရုံးတက်ရမှုအန္တရာယ် လျော့နည်းကြောင်း တွေ့ရှိထားပါတယ်။ သို့သော် အိုမီခရွန်ရဲ့ ရောဂါပြင်းထန်စေနိုင်မှုကို နားလည်သိရှိရန် နောက်ထပ် အချက်အလက်တွေ လိုအပ်နေပါသေးတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၆ ရက်) အထိ တစ်ပတ်အတွင်းမှာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုတွေဟာ ယခင်တစ်ပတ်ကထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနဲ့ သေဆုံးမှုအရေအတွက်ကတော့ ၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း WHO က ထုတ်ပြန်ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အီတလီမှာ လတ်တလော ကူးစက်မှုအရေအတွက် အမြင့်ဆုံးဖြစ်နေခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်နိုင်ငံမှာ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၈ ရက်) ထုတ်ပြန်ချက်အရ ကူးစက်မှု ၁၇၉,၈၀၇ ခု တိုးလာခဲ့ပြီး နေ့အလိုက် အမြင့်ဆုံး ကူးစက်မှုအရေအတွက်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ထို့အတူ အမေရိကန်မှာလည်း တနင်္လာနေ့ (ဒီဇင်ဘာ ၂၇ ရက်) ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ ၄၄၁,၂၇၈ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်ခံရသူအရေအတွက် အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
Source and Photo: AFP, AP, Getty Images