နာမည်ကျော် ဇာတ်ကားတစ်ကားဖြစ်တဲ့ “အဖေတခု သားတခု” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံး ကလေး သရုပ်ဆောင်အထူးဆုကို ရရှိခဲ့သူ အောင်ထွန်းလေး နဲ့ Duwun က တွေ့ဆုံဖြစ်ခဲ့ပြီး အနုပညာရှင်ဘဝအကြောင်းနဲ့ လက်ရှိဘဝအကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Photo-Mahar
အသက် ၈ နှစ်နဲ့ အကယ်ဒမီဆု ရရှိခဲ့သူ
၁၉၇၇ ဝန်းကျင်ခန့်က ပြသခဲ့တဲ့ "အဖေတစ်ခု သားတစ်ခု" ရုပ်ရှင်ကားဟာ ဖခင်နဲ့ သားတို့ကြားက မေတ္တာသံယောဇဉ်ချစ်ခြင်းတရားတွေကို ပုံဖော်ရိုက်ကူးထားတဲ့ နာမည်ကျော်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ "အ ဖေတစ်ခုသားတစ်ခု" ရုပ်ရှင်ဇာတ်ကားရိုက်တော့ ဦးအောင်ထွန်းလေးက အသက် ၈နှစ်သာရှိပါသေးတယ်။ အဲ့ဒီ့ရုပ်ရှင်ဇာတ်ကားကတော့ သူ့အတွက် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ကလေးတွေကို တစ်ခါမှမပေးဖူးသေးတဲ့ အကယ်ဒမီဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါ။ အရွယ်နဲ့မလိုက်အောင် အငိုခန်းတွေပိုင်နိုင်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အခုလိုပဲပြောပြခဲ့ပါတယ်။
" အဓိကကတော့ အဲ့ဒီ့ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာဦးနန္ဒရဲ့ သင်ပြပေးမှုတွေပေါ့။ အမှန်ဆိုရင် အဲ့ဒီ့ကားတုန်းက သိပ်မငိုတတ်သေးဘူး။ နောက်ပိုင်းကားတွေမှ တကယ်ငိုတတ်တာ။ အဲဒီတုန်းကဆို လုပ်ငိုရတဲ့အပိုင်းတွေများတယ်။ ဒါပေမယ့် ဒါရိုက်တာရဲ့ ကင်မရာရှုထောင့်တွေနဲ့ဆိုတော့ သိပ်မသိသာဘူး၊ အဲဒီတုန်းက ငိုရတာတွေကလည်း ဦးစိန်မြင့်က ရိုက်တော့ ကလေးဆိုတော့ပိုငိုတာပေါ့။ ငိုခန်းဆိုရင် အန်တီဂရေ့စ်က နောက်ကနေ ရိုက်တယ်။ ပိုပြီးတော့အသက်ဝင်သွားတာပေါ့။ ဦးစိန်မြင့်ဆိုလည်း တံမြက်စည်းနဲ့ရိုက်တယ်။ ဘေးကိုရိုက်တယ်ဆိုပေမယ့်လည်း နည်းနည်းပါးပါးလေးတော့ ထိတာပေါ့။ ထိတော့လည်း ကလေး ဆိုတော့ လန့်တာပေါ့။ အဲဒီတော့ ငိုရတာပိုပြီးတော့ Mood ဝင်တာပေါ့"လို့ ဦးအောင်ထွန်းလေးက ပြောပြပါတယ်။
အကယ်ဒမီဆုကိုရရှိခဲ့တဲ့အချိန်တုန်းကတော့ ကလေးပီပီ ပျော်နေခဲ့တာဖြစ်ပြီး ဆုတက်ယူတော့ ခုံလေးခုပြီး ယူခဲ့ရတာအမှတ်တရလို့ဆိုပါတယ်။ ဆရာဖြစ်သူ ဒါရိုက်တာနန္ဒကလည်း ဆုများရခဲ့ရင်ဆိုတဲ့ အ တွေးနဲ့ ကျေးဇူးတင်စကားတွေကို အလွတ်ကျက်ခိုင်းခဲ့တာကလည်း သူ့အတွက် အမှတ်တရတစ်ခုလို့ ဆိုပါတယ်။
Photo-A-1 Thin Htut
အသက် ၂၀ ကျော်စအရွယ်မှာ အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့အကြောင်းရင်း
အနုပညာအလုပ်တွေကိုအဆုံးသတ်ခဲ့တာကတော့ ၁၉၉၃ခုနှစ်မှာဖြစ်ပြီး အဲ့ဒီ့အချိန်မှာ သူ့အသက်ဟာ၂၄နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားက တော့ "ဖိုးထောင်ဖိုးမောင်" ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လုပ်ဖို့ အရွယ်ကောင်းနေတဲ့အချိန်မှာ ရပ်တန့်ပစ်လိုက်ရတဲ့အကြောင်းအရင်းကိုတော့ " အလုပ်နှစ်ခုယှဉ်လာတဲ့အခါမှာ ကိုယ်ကမိဘဦးစားပေးတဲ့စိတ်ပဲရှိတာပေ့ါ။ အဲဒါက ပံ့ပိုးမှုပေးတယ်လို့ ပြောရမှာပေါ့။ ဒါလည်းအလုပ်ပဲဆိုတော့ ဒီအပေါ်မှာကိုယ်ကပိုပြီးတော့ သံယောဇဉ်ဖြစ်တယ်လို့ ပြောရမှာပေ့ါ၊ ရွေးချယ်မှုမှန်တယ်တွေ မမှန်တယ်တွေ ပြောဖို့ကကျ အပိုပဲပေါ့။ မှန်လည်းလုပ်ရမှာပဲ၊ မမှန်လည်းလုပ်ရမှာပဲ" ဆိုပြီး သူ့ရဲ့ ရွေးချယ်မှုအ ပေါ် ယုံကြည်မှုရှိရှိနဲ့ပြောပြလာပါတယ်။
Photo-A-1 Thin Htut
ရိုးရှင်းတဲ့ဘဝမှာ ပျော်မွေ့နေသူ
အခုချိန်မှာတော့ ဦးအောင်ထွန်းလေးဟာ အသက် ၅၃နှစ်ရှိနေပြီဖြစ်ပြီး မိဘလက်ငုတ်လက်ရင်း စီးပွားရေးဖြစ်တဲ့ ဝပ်ရှော့ကို ဦးစီးကာ ကားဝပ်ရှော့ဆရာတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။
"ဝပ်ရှော့အလုပ်က ၂နှစ်၃နှစ်လောက်ဆိုရင်ပဲ ပိုပြီးတော့လုပ်တတ်နေတဲ့ သဘောမှာရှိတယ်။ ၅နှစ်လောက်ဆိုရင်တော့ ပိုပြီးတော့ကျွမ်းကျင်နေပြီ။ မိဘလက်ငုတ်လက်ရင်းဆိုတာက ဘာပဲဖြစ်ဖြစ်အရင်းအနှီးသိပ်မများဘူးပေါ့။ မိဘရဲ့ဆောက်တည်ထားတဲ့အရင်းအနှီးပေါ်မှာ ကိုယ်ကလုပ်ရတာဆိုတော့ သူများထက်ပိုပြီး အခက်အခဲသိပ်မရှိဘူး။ ဒီအလုပ်လုပ်တာ အရှုံးပေါ်တယ်ဆိုတာတော့သိပ်မရှိဘူး။ သူ့ဟာသူ လိမ့်ပတ်လည်တာပဲရှိတာပေါ့လေ။ ကိုယ်တွေလုပ်တာက ကိုယ်နိုင်တဲ့တစ်နိုင်တစ်ပိုင်လေးလုပ်တာဆိုတော့ အရှုံးလည်းမကြီးဘူး။ အမြတ်လည်းမကြီးဘူး" လို့ ဦးအောင်ထွန်းလေးက ပြောပြလာပါတယ်။
Photo-A-1 Thin Htut
ဦးအောင်ထွန်းလေးက အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ဝပ်ရှော့အလုပ်ကိုသာ ဇောက်ချ လုပ်ကိုင်လျှက်ရှိပါတယ်။ သူ့ရဲ့ ဝပ်ရှော့ကိုတော့ တာမွေမြို့နယ် ပျားရည်ကုန်းလမ်းထဲမှာ ဖွင့်လှစ်ထားပါတယ်။ ဦးအောင်ထွန်းလေးက ရုပ်ရှင်ကား စုစုပေါင်း ၃၆ ကားရိုက်ကူးခဲ့ပြီးသတ္တိခဲလေးများ၊ လိုရာဆန္ဒပြည့်ပါစေ ဆိုတဲ့ ရုပ်ရှင်တွေကလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။