• Featured

    Apple Store ဆိုင်များ ပြန်ဖွင့်မယ့် အစီအစဉ် ကြေညာ

ဆိုင်တွေရဲ့ ၈၀% ကျော်် ပိတ်ထားပါတယ်။

အမေရိကန်မှာ Apple Store ၂၅ ဆိုင်ကျော် ဒီတစ်ပတ်ထဲ ပြန်ဖွင့်သွားမှာ ဖြစ်ပြီး မကြာခင်မှာ ကမ္ဘာအနှံ့အပြားမှာ ရှိတဲ့ လက်လီအရောင်းဆိုင်အားလုံးရဲ့ ၅ ပုံတစ်ပုံခန့်ကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

Apple ရဲ့ လက်လီအရောင်းဌာန အကြီးအကဲ ဒိုင်ဒရေးအိုဘရိုင်ယန်ဟာ Apple လက်လီအရောင်းဆိုင်ပေါင်း ၅၁၀ ကို အန္တရာယ်ကင်းကင်းနဲ့ စိတ်ချအောင် ဖွင့်မယ့် အစီအစဉ်ကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ် COVID-19 ကူးစက်ပြန့်နှံ့မှု ဖြစ်လာပြီးနောက် ပြီးခဲ့တဲ့ မတ်လကစပြီး တရုတ်နိုင်ငံ ပြင်ပမှာ ရှိတဲ့ Apple အရောင်းဆိုင်အားလုံး ပိတ်ထားခဲ့တာပါ။

image

Photo: Reuters

"ဖောက်သည်အားလုံးကို ကျွန်တော်တို့ အရောင်းဆိုင်တွေကနေ စိတ်ချလက်ချ ဝန်ဆောင်မှုပေးနိုင်ပြီလို့ ယုံကြည်တာနဲ့ ဆိုင်တွေ ပြန်ဖွင့်ဖို့ လုပ်ဆောင်ထားပါတယ်။"လို့ အိုဘရိုင်ယန်က ဆိုပါတယ်။ ဧပြီလထဲမှာ တောင်ကိုရီးယားဈေးကွက်မှ စတင်ပြီး Greater China ပြင်ပ လက်လီစတိုးတစ်ချို့ကို ပြန်ဖွင့်ခဲ့ပါတယ်။ ပြန်ဖွင့်လိုက်တဲ့ အရောင်းဆိုင်တွေဟာလည်း တရုတ်မှာ စိတ်ချအောင်မြင်မှု ရခဲ့တဲ့ Apple Store အတိုင်း ဘေးကင်းရေးအစီအမံတွေနဲ့ ပြန်ဖွင့်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၁၁ ရက်နေ့မှာ အီဒါဟိုမှာ ရှိတဲ့ အမေရိကန်စတိုးတစ်ခု ဖွင့်လှစ်ခဲ့ပြီး မေလ ၁၇ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ စတိုးဆိုင် ၉၉ ဆိုင်ကို ဖောက်သည်တွေအတွက် ပြန်ဖွင့်ခဲ့တယ်လို့ 9to5Mac သတင်းမှာ ဖော်ပြထားပါတယ်။ လာမယ့်ရက်သတ္တပတ်ထဲမှာ အမေရိကန် ပြည်နယ် ၇ ခုမှ အရောင်းဆိုင် ၂၅ ခုကျော် ၊ ကနေဒါမှ အရောင်းဆိုင် ၁၂ ခုနဲ့ အီတလီမှ အရောင်းဆိုင် ၁၀ ခုတို့လည်း ပြန်ဖွင့်လှစ်သွားမှာပါ။

Photo: businesstimes

ကမ္ဘာအနှံ့အပြားမှာ ရှိတဲ့ Apple စတိုးဆိုင် ၅၁၀ ရဲ့ ၈၀% ကျော် ပိတ်ထားဆဲ ဖြစ်ပါတယ်။ Apple စတိုးတွေဟာ လူအချင်းချင်း ခပ်ခွာခွာနေရတဲ့ စည်းမျဉ်းကို ကျင့်သုံးသွားမှာ ဖြစ်ပြီး ဝင်ခွင့်ပြုမယ့် ဖောက်သည်အရေအတွက်လည်း ကန့်သတ်သွားမှာပါ။ တစ်ချို့ဝန်ဆောင်မှုတွေကိုတော့ လမ်းဘေးမှာပဲ ဝန်ဆောင်မှု ပေးသွားမယ်လို့ အိုဘရိုင်ယန်က ဆိုပါတယ်။

Apple ဟာ လက်လီစတိုးဆိုင်တွေရဲ့ ဝင်ငွေ ပြောကြားခြင်း မရှိပါဘူး။ လက်လီစတိုးဆိုင်များ ၊ ဝက်ဘ်နဲ့ ကော်ပိုရိတ်ရောင်းအားတွေ အပါအဝင် တိုက်ရိုက်ရောင်းချမှုဟာ ၂၀၁၉ ခုနှစ် ဝင်ငွေ ဒေါ်လာ ၂၆၀ဘီလျံရဲ့ ၃၁% ရှိတယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က