ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အဲဗာတန်နဲ့ကစားမယ့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့အနေအထား၊ လိုအပ်ချက်နဲ့ ဒဏ်ရာရကစားသမားတွေရဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနက်ဖြန်၊ အောက်တိုဘာ (၂) မှာ အဲဗာတန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာပါ။ ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက “ကျွန်တော်တို့ ဒီလိုမျိုးအကြိမ်ပေါင်းများစွာ လုပ်ပြခဲ့ပြီးပါပြီ။ အသင်းကောင်းတွေကို နောက်ကလိုက်ကစားပြီး အနိုင်ယူခဲ့တာမျိုးပေါ့။ (ဗီလာရီးရဲယ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို ဆိုလိုသည်)”

“ကျွန်တော်တို့က ဘောလုံးကိုကောင်းကောင်းကိုင်ကစားနိုင်ခဲ့တယ်ဆိုပေမယ့် တန်ပြန်တိုက်စစ်တွေကို ထိန်းတဲ့နေရာမှာတော့ ပြိုင်ဘက်ကို အရမ်းကြီးဖွင့်ပေးထားခဲ့သလိုပါပဲ။ ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်ဖို့လိုအပ်ပါတယ်”
“ဗုဒ္ဓဟူးနေ့နိုင်ပွဲကတစ်ဆင့်ရခဲ့တဲ့ ခွန်အားတွေ စွမ်းအင်တွေနဲ့အတူ ကျွန်တော်တို့ ပြန်လည်တည်ဆောက်ရပါမယ်။ ဒါက လျင်မြန်တဲ့အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အဆုံးသတ်ခဲ့တဲ့အတိုင်းပဲ နောက်တစ်ခါ အသစ်ပြန်လည်စတင်ရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
အသင်းလိုက်ဟန်ချက်ညီမှုအပေါ်မှာလည်း ဆိုးလ်ရှားက “ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကလည်း အဲ့ဒါပါပဲ။ ကျွန်တော်တို့ ဘောလုံးကို လျင်လျင်မြန်မြန်နဲ့ ရွေ့လျားကစားသင့်တယ်၊ ပြီးရင် ဆုံးဖြတ်ချက်ကောင်းတွေကို ချမှတ်သင့်တယ်၊ ဘောလုံးဆုံးရှုံးသွားရင်လည်း ချက်ချင်းပြန်ယူနိုင်ရမယ်၊ ဒီလိုတွေလိုအပ်ပါတယ်”
“အခုဘောလုံးလောကမှာ အကူးအပြောင်းတွေက အရမ်းကိုမြန်လွန်းလာပါပြီ။ တစ်ခါတလေ လက်ပစ်ဘောကစားနည်းကျနေတာပဲဗျာ။ ပြိုင်ဘက်ရဲ့ကွင်းတစ်ဝက်ခြမ်းမှာပဲ ဖိအားပိုပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။
အသင်းရဲ့ဒဏ်ရာရကစားသမားတွေနဲ့ပတ်သက်လို့လည်း ဆိုးလ်ရှားက “လုခ်ရှောက သက်သာလာပါပြီ။ ဒါပေမယ့် သူ့မှာ ပခုံးဒဏ်ရာကျန်နေတုန်းပါ။ ရပ်ရှ်ဖို့ဒ်က ဒီနေ့ပထမဆုံးအကြိမ်အဖြစ် အသင်းလိုက် လေ့ကျင့်ခန်းမှာ ပြန်ပါလာပါတယ်။ ဖျက်ထုတ်မှုအချို့ရှိခဲ့ပေမယ့် သူကောင်းကောင်းကစားနိုင်ခဲ့ပြီး အဆင်ပြေပါတယ်”
“သူ့ကို ဒီလိုမြင်တွေ့ရတာကောင်းပါတယ်။ ဟယ်ရီ (မက်ဂွိုင်းရား) ကတော့ ပြန်မလာနိုင်သေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရှေ့တစ်ပတ်မှာ ကစားမယ့် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုပါ လွဲချော်မှာပါ။
ရပ်ရှ်ဖို့ဒ်ကတော့ မနက်ဖြန် အသင်းရဲ့လူစာရင်းမှာ ပါဝင်လာဖို့မရှိသေးဘဲ နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာ ကစားမယ့် လက်စတာနဲ့ အဝေးကွင်းပွဲမှသာ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာဖွယ်ရှိပါတယ်။