• Featured

    အယူခံတက်ခဲ့ပေမယ့် ဒေါ်လာ ၃ ဘီလျံနီးပါး လျော်ဖို့ Google ကို EU အမိန့်ချ

EU အမြင့်ဆုံး တရားရုံးမှာ အယူခံ ထပ်တက်နိုင်မယ်လို့ ဆိုပါတယ်

ဥရောပကော်မရှင်ရဲ့ဒဏ်ရိုက်ခံရမှုအပေါ် EU အထွေထွေတရားရုံးကို အယူခံတက်တဲ့ Google ဟာ အမှုထပ်ရှုံးခဲ့တယ်လို့ ဆိုပါတယ်။ 


၂၀၁၇ ခုနှစ်က Google ကို ဥရောပကော်မရှင်က ဈေးကွက်ပြိုင်ဆိုင်မှု ချိုးဖောက်တဲ့အမှုနဲ့ ယူရို ၂.၄၂ ဘီလျံ (ဒေါ်လာ ၂.၈ ဘီလျံ) နီးပါး ဒဏ်ရိုက်ခဲ့တာပါ။ Google ဟာ ကုမ္ပဏီရဲ့ Search Engine ကို သုံးပြီး ဈေးဝယ်နှိုင်းယှဉ်ရေး ဝန်ဆောင်မှုကို လူသုံးများလာအောင်လုပ်ပြီး ပြိုင်ဘက်တွေရဲ့ ဝန်ဆောင်မှုကို နှိမ့်ချမှုတွေ လုပ်ခဲ့တယ်လို့ EU ဈေးကွက်ပြိုင်ဆိုင်မှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ European Commission က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

image

Photo: IG News


ဈေးကွက်ပြိုင်ဆိုင်မှုကို ချိုးဖောက်ခဲ့တာကြောင့် ဥရောပကော်မရှင်အဖွဲ့ဟာ Google ကို ယူရို ၂.၄၂ ဘီလျံ ဒဏ်ရိုက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို Google က ဥရောပသမဂ္ဂရဲ့ ဒုတိယအကြီးဆုံးအထက်တန်းတရားရုံးမှာ အယူခံတက်ခဲ့ပေမယ့် တရားရုံးက ဥရောပကော်မရှင်ရဲ့ အမိန့်ကိုပဲ အတည်ပြုခဲ့တယ်လို့ The Verge သတင်းက ဖော်ပြပါတယ်။ Google အနေနဲ့ ဥရောပသမဂ္ဂအမြင့်ဆုံးခုံရုံးဖြစ်တဲ့ ဥရောပတရားရုံး ECJ ကို အယူခံ ထပ်တက်နိုင်ဦးမှာ ဖြစ်ပါတယ်။ 

Google ဟာ ဈေးဝယ်နှိုင်းယှဉ်ရေးဝန်ဆောင်မှုအပြင် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ကလည်း Android နဲ့ AdSense တို့ ပါဝင်တဲ့ ဈေးကွက်ပြိုင်ဆိုင်မှုဥပဒေချိုးဖောက်တဲ့ အမှုကြီးနှစ်ခုကြောင့် ယူရို ၄.၃ ဘီလျံနဲ့ ယူရို ၁.၅ ဘီလျံ ပါ ဒဏ်ရိုက်ခံထားရပါတယ်။ ၂၀၁၇ နဲ့ နောက်ပိုင်း ဈေးကွက်ပြိုင်ဆိုင်မှု ဥပဒေကြောင့် EU ဟာ Google ကို စုစုပေါင်း ယူရို ၈.၂ ဘီလျံ (ဒေါ်လာ ၉.၃ ဘီလျံ) ဒဏ်ရိုက်ခံရတာလည်း ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၀ တစ်နှစ်အတွင်း ဒေါ်လာ ၁၈၂ ဘီလျံ ဝင်ထားတဲ့ Google မိခင်ကုမ္ပဏီ Alphabet အတွက်တော့ ဒီဒဏ်ကြေးဟာ ခွက်ထဲက ရေတစ်စက်လို့ ပြောနိုင်ပါတယ်။

Share

Loading Next Article...
က္က