အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက အသင်းဟောင်း စပါးမှာ ကြုံတွေ့ရတဲ့ ဖိအားနဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်မှာ ကြုံတွေ့ရတဲ့ ဖိအား မတူညီကြောင်း ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပါးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာပါ။

ဟယ်ရီကိန်းဟာ ဂျာမနီမြေကို ရောက်ရောက်ချင်းမှာပဲ ဂိုးသွင်း ခြေစွမ်းပြထားနိုင်ပြီး လက်ရှိမှာတော့ နှစ်သင်းကြား ကွာဟချက်တွေကို ဖွင့်ဟလာခဲ့တာပါ။ ဟယ်ရီကိန်းက “စပါးမှာ ကျွန်တော်တို့လည်း အောင်မြင်မှုတွေရချင်ခဲ့တာပေါ့။ ဒါပေမယ့် ပွဲအနည်းငယ်လောက် ဆက်တိုက် မနိုင်လည်း အဲ့ဒီမှာက ကပ်ဘေးဆိုက်သလို မဖြစ်ပါဘူး”

“ဘိုင်ယန်မြူးနစ်မှာကတော့ ခင်ဗျား ပွဲတိုင်း နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ပထမနှစ်ပွဲကို ၄-၀ ဂိုး၊ ၃-၁ ဂိုးနဲ့ နိုင်ခဲ့တာတောင်မှ လူတွေက ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ပတ်သက်လို့ မပျော်ရွှင်ရကြောင်း ပြောနေကြပါသေးတယ်။ ဒါမျိုးက ကမ္ဘာ့အကြီးမားဆုံး အသင်းတွေထဲက တစ်သင်းမှာ ကြုံတွေ့ရတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ”
“ဒါပေမယ့် ကျွန်တော်တို့က အစကောင်းခဲ့ပြီး မတူညီတဲ့ ခံစားချက်တွေနဲ့ ကစားရတာကို သဘောကျပါတယ်။ ကျွန်တော်တို့ ကလပ်ပွဲတွေ ပြန်စရင် ချန်ပီယံလိဂ်လည်း ပြန်လာပါတော့မယ်။ ဒီပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်က ဗိုလ်စွဲဖို့ မျှော်လင့်ထားပြီး ဒီအချက်က အရင်နဲ့စာရင် ကျွန်တော့်အတွက် မတူညီတဲ့ ခံစားချက်တွေပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ စပါးမှာ အသင်းလိုက်အောင်မြင်မှုမရရှိခဲ့တာကြောင့် စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့၊ ဆုဖလား အောင်မြင်မှုတွေကို ရရှိနိုင်ဖို့ အခုလိုမျိုးပဲ ဘွန်ဒက်စ်လီဂါ ထိပ်သီးအသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။