ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ဘာစီလိုနာနဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာကို ဖြတ်ကျော်နိုင်ဖို့ ယုံကြည်ချက်ရှိကြောင်း ပြောကြားလိုက်ပါတယ်။ ဒီနေ့ည နူးကမ့်ကွင်းမှာ ဒီနှစ်သင်းက ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ် ခံယူရမှာပါ။

ဘာစီလိုနာက ပထမအကျော့ ပီအက်စ်ဂျီအိမ်ကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်ဖို့အတွက် အခြေအနေကောင်းတွေကို ပိုင်ဆိုင်နေပါတယ်။ အဆိုပါပွဲမှာ တစ်သင်းနဲ့ တစ်သင်း အပြန်အလှန်ဂိုးသွင်းရင်း ပီအက်စ်ဂျီက ၂-၁ ဂိုးနဲ့ ဦးဆောင်ပြီးမှ ဘာစီလိုနာက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းခဲ့တာပါ။

ဒုတိယအကျော့ကတော့ ပီအက်စ်ဂျီအတွက် အဝေးကွင်းလည်း ကစားရမှာဖြစ်တာကြောင့် ပိုမိုခက်ခဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်းနရစ်က “ကျွန်တော်တို့ ဘာကိုမှ ထင်ကြေးပေးနေမှာ မဟုတ်ပါဘူး။ မနက်ဖြန်ဆိုတဲ့ စကားလုံးလည်း ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပထမအကျော့က ရလဒ်ကို သေချာပေါက် ပြန်ပြောင်းပစ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီဟာ အင်းနရစ် ဘာစီလိုနာကို ကိုင်တွယ်ခဲ့တုန်းက အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် လက်တွဲပြီးတော့လည်း ချန်ပီယံလိဂ်ဖလားကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။
ဇာဗီကလည်း သူ့ရဲ့နည်းပြဘဝ အတုယူစရာတွေအဖြစ် ဂွါဒီယိုလာ၊ လူးဝစ်အင်းနရစ်၊ အာရီဂူးနက်စ်တို့ကို ထည့်သွင်း ပြောကြားခဲ့ဖူးပါတယ်။ အင်းနရစ်ကလည်း ဇာဗီနဲ့ ပတ်သက်လို့ ချီးကျူးခဲ့ပြီး သူ့ရဲ့ ဘာစီလိုနာနည်းပြဘဝ ပထမဆုံးရာသီမှာ ဇာဗီက ကြီးမားတဲ့ အကူအညီဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။