(၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့် မြို့ကြီးများ၊ ကွင်းများကို ပြီးခဲ့တဲ့ကြာသပတေးညမှာ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က တရားဝင်အတည်ပြုကြေညာခဲ့ပါတယ်။ (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့မှာရှိတဲ့ မြို့ပေါင်း (၁၆) မြို့မှာ ကျင်းပသွားမှာပါ။
ဒီမြို့တွေထဲမှာ အမေရိကန်က မိုင်ယာမီ၊ ဒဲလက်စ်၊ လော့စ်အိန်ဂျယ်လိစ်၊ ဆီယက်တဲလ် နဲ့ ဟူစတန်တို့ အပါအဝင် မြို့ပေါင်း (၁၁) မြို့မှာ ကျင်းပမှာဖြစ်ပြီး မက္ကဆီကိုက ဂွါဒါလာဂျာရာ၊ မက္ကဆီကိုစီးတီး၊ မွန်တာရေးတို့မှာ လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ကနေဒါမှာတော့ တိုရွန်တို၊ ဗန်ကူးဗားတို့မှာ လက်ခံကျင်းပသွားမှာပါ။ ဒီအထဲမှာ ပရိသတ်တွေကို အဓိကဆွဲဆောင်နေတာကတော့ မက္ကဆီကိုက မွန်တာရေးကွင်းပဲဖြစ်ပါတယ်။
(၁၉၈၆) မက္ကဆီကိုကမ္ဘာ့ဖလား ကျင်းပခဲ့တုန်းက မွန်တာရေးကွင်းမှာ အုပ်စုပွဲစဥ်တွေနဲ့ ကွာတားဖိုင်နယ်ပွဲစဥ်တပွဲတို့ကို လက်ခံကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ဒီကွင်းဟာ ကမ္ဘာပေါ်မှာ ရင်သပ်ရှုမောဖွယ် အကောင်းဆုံးမြင်ကွင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဘောလုံးကွင်းတကွင်းလည်းဖြစ်ပါတယ်။ Estadio BBVA လို့အမည်ရတဲ့ ဒီကွင်းဟာ မွန်တာရေးရဲ့ အိမ်ကွင်းပဲဖြစ်ပြီး မွန်တာရေးမြို့ရဲ့ ဆင်ခြေဖုံးဒေသ ဂွါဒါလူပီဒေသမှာ တည်ရှိပါတယ်။
ရင်သပ်ရှုမောဖွယ်ရာ သဘာဝတရား တောင်တန်းကြီးတွေကို လှမ်းမြင်တွေ့နေရတဲ့ ဒီကွင်းကြီးမှာ ပရိသတ်ပေါင်း (၅၁,၀၀၀) ဝင်ဆံ့ပြီး ကွင်းကိုတည်ဆောက်ချိန်က အမေရိကန်ဒေါ်လာ (၂.၃) ဘီလျံကုန်ကျတယ်လို့လည်း သိရှိရပါတယ်။ ဒီမွန်တာရေးကွင်းအပြင် အမေရိကန်၊ နယူးယော့ခ်မြို့က ပရိသတ်ပေါင်း (၈၂,၅၀၀) ဆံ့ MetLife ကွင်း၊ မိုင်ယာမီက The Hard Rock ကွင်း၊ ဒဲလက်စ်က AT&T ကွင်း နဲ့ ဘော့စတန်က Gillette ကွင်းတို့လို နာမည်ကျော် အားကစားကွင်းကြီးတွေမှာလည်း လာမယ့် (၂၀၂၆) ကမ္ဘာ့ဖလားပွဲစဥ်တွေကို လက်ခံကျင်းပသွားမှာပါ။