အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေအပေါ် ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး ဆန္ဒပြသပိတ်မှောက်တာက အဖြေတခုရဖို့ နည်းလမ်းမဟုတ်ဘူးလို့လည်း ဆောက်ဂိတ်ကပြောပါတယ်။

(၂၀၂၂) ကမ္ဘာ့ဖလားကို ကာတာတို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမယ်ဆိုတာ (၂၀၁၀) တည်းက ဆုံးဖြတ်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့ ကာတာမှာ ကမ္ဘာ့ဖလားအတွက် ဘောလုံးကွင်းတွေတည်ဆောက်တဲ့နေရာမှာ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းတို့ရှိခဲ့ပါတယ်။

အထူးသဖြင့် အလုပ်သမားပေါင်း (၆,၅၀၀) ဝန်းကျင်က ကမ္ဘာ့ဖလား ကွင်းတည်ဆောက်ရေးလုပ်ငန်းတွေမှာ သေဆုံးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအတွက် ကျန်ရစ်သူမိသားစုတွေက လုံလောက်တဲ့ နစ်နာကြေးမရရှိတာ၊ သေဆုံးသူတွေဟာ လုံခြုံမှုမရှိတဲ လုပ်ငန်းခွင်မှာ လုပ်ကိုင်ခဲ့ရတာ အစရှိသဖြင့် ဝေဖန်ခဲ့ကြပါတယ်။ ဒါ့အပြင် ကာတာမှာ ဘာသာရေးအယူအဆပြင်းထန်ပြီး LGBT တွေနဲ့ပတ်သက်လို့လည်း ဖိနှိပ်ချုပ်ချယ်မှုတွေရှိပါတယ်။
ဒီအပေါ်မှာ အင်္ဂလန်ကစားသမားတွေအနေနဲ့ အသံထွက်ပေးဖို့၊ ကမ္ဘာ့ဖလားကို သပိတ်မှောက်ပေးဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ကတော့ “ဆန္ဒပြ သပိတ်မှောက်ရုံနဲ့တော့ ဘာတွေရနိုင်မလဲဆိုတာ ကျနော် သေချာမသိပါဘူး။ ယဥ်ကျေးမှုဆိုင်ရာကိစ္စရပ်တွေ၊ ကွင်းတည်ဆောက်မှုတွေမှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဝမ်းနည်းစွာနဲ့ပဲ ကျနော်တို့ ဘာမှမလုပ်ပေးနိုင်ဖြစ်ခဲ့ရပါတယ်”
“အခုဆို ပြိုင်ပွဲကစတင်တော့မှာပါ။ တကယ်လို့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်၊ မမှောက်ဆိုတာက ကျနော်တို့ လွန်ခဲ့တဲ့ (၄) နှစ် ဒါမှမဟုတ် (၈) နှစ်လောက်တည်းက ဆုံးဖြတ်ရမယ့်ကိစ္စပါ။ နယူးကာဆယ်ကိစ္စမှာလည်း သူတို့ကို ဆော်ဒီသူဌေးတွေ ဝယ်ဖို့လုပ်တော့ ကန့်ကွက်ကြတယ်လေ။ ဒါပေမယ့်လည်း တဖက်မှာ ရေနံစျေးလျှော့ပေးဖို့ သူတို့ကို ပြန်တောင်းဆိုရပါတယ်။ ဒီလိုသဘောပါပဲ”
“ဘာသာရေးနဲ့ယဥ်ကျေးမှုကိစ္စရပ်တွေကို ပြောင်းလဲဖို့ဆိုတာက အင်မတန်မှ ခက်ခဲတဲ့ကိစ္စတွေပါ။ ဒါပေမယ့် တခုရှိတာက ကျနော်တို့ရဲ့ အသံတွေ၊ ပလက်ဖောင်းတွေကတဆင့် ကောင်းမွန်တဲ့ အပြောင်းအလဲကို မျှော်လင့်နိုင်ပါတယ်။ ဒါကို သံသယဖြစ်စရာမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။