• Featured

    ဘရိုက်တန်ရဲ့အသင်းကြီးတစ်သင်းလိုတုံ့ပြန်မှုကြောင့် အမှတ်လျော့သွားတဲ့ လီဗာပူး

လီဗာပူးတို့ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးနှစ်ဂိုးပြန်ပေးလိုက်ရတာပါ။

ဒီရာသီမှာ ပုံစံကောင်းပြနေတဲ့ ဘရိုက်တန်တို့ မန်စီးတီး၊ လီဗာပူးတို့နဲ့အတွေ့မှာတော့ ရှုံးပွဲဆက်ပြီထင်ခဲ့ရပေမယ့် အခု လီဗာပူးနဲ့ပွဲမှာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးက ဖေမီနို၊ ဆာလာ၊ မာနေးတို့ အတွဲကို ပြန်လည်ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ နာဘီကီတာ၊ ဟန်ဒါဆန်၊ ကာတစ်ဂျုံးစ်နဲ့ နောက်တန်းကတော့ ယူနိုက်တက်နဲ့ပွဲကအတိုင်း အပြောင်းအလဲမရှိခဲ့ပါဘူး။

image

ဘရိုက်တန်ကတော့ တိုက်စစ်မှူး မော်ပေး မပါဝင်ခဲ့ဘဲ ကွင်းလယ်ကစားသမား (၆) ယောက်နဲ့ လီဗာပူးကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့တာပါ။ ဒါပေမယ့် စောစောစီးစီးပဲ လီဗာပူးတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဆာလာချပေးတာကို ဟန်ဒါဆန်က သွင်းယူခဲ့ပါတယ်။

image

အဲ့ဒီနောက်မှာလည်း နာဘီကီတာ ဒဏ်ရာရသွားလို့ လူစားဝင်လာတဲ့ ချိန်ဘာလိန် ဖန်တီးပေးတဲ့ ဘောလုံးကို မာနေးက အနီးကပ်ခေါင်းတိုက်သွင်းခဲ့ပြီး လီဗာပူးတို့ မိနစ် (၂၀) ဝန်းကျင်မှာတင် (၂) ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

အစောပိုင်းတွေမှာ ဘရိုက်တန်က လုံးဝလှုပ်မရခဲ့ဘဲ ဂိုးသမား ဆန်းချက်ဇ်ရဲ့ အမှားကတစ်ဆင့် မာနေးဂိုးရခဲ့ပေမယ့် လက်နဲ့ထိသွားခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဘရိုက်တန်တို့ ချေပဂိုးရဖို့ ရုန်းကစားလာပြီး မိနစ် (၄၀) မှာတော့ ဧရိယာအပြင်ကနေ မွမ်ပူရဲ့မထင်မှတ်တဲ့ကန်ချက်က ရှေ့ထွက်နေတဲ့ အယ်လစ်ဆန်ကို ကျော်ပြီး ဂိုးဝင်သွားခဲ့တာကြောင့် ပထမပိုင်းမှာ ၂-၁ ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်း ဆာလာ တစ်ဂိုးသွင်းပေမယ့် လူကျွံနေခဲ့တာကြောင့် လီဗာပူးတို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ပွဲကတစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ တော်တော်လေးကြည့်ကောင်းခဲ့ပြီး လီဗာပူးခံစစ်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပါတယ်။

ဒါပေမယ့် (၆၄) မိနစ်မှာတော့ ဘရိုက်တန်ရဲ့ ထိုးဖောက်မှုကို လီဗာပူးတို့မခံနိုင်တော့ဘဲ ထရောဆတ်ရဲ့ ဒုတိယချေပဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးမှာ ဘရိုက်တန်ရဲ့ စနစ်ကျတဲ့ ကစားဟန်ကိုမြင်တွေ့ခဲ့ရပြီး လီဗာပူး နောက်တန်း အလဲလဲအပြိုပြိုဖြစ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဘရိုက်တန်တစ်ဂိုးထပ်သွင်းပေမယ့် လူကျွံနေခဲ့ပြီး လက်ကျန်ပွဲကစားချိန်မှာလည်း သွင်းဂိုးတွေ ထပ်မံမမြင်တွေ့ခဲ့ရတာကြောင့် လီဗာပူးတို့ အိမ်ကွင်းမှာ အမှတ်လျော့ခဲ့ကာ ခြေချော်လက်ချော်ဖြစ်ခဲ့ရပါတယ်။  

Share

Loading Next Article...
က္က