လီဗာပူးတိုက်စစ်ကစားသမား ဆာလာဟာ အားလပ်ရက်တစ်ရက်မှမယူဘဲ နေ့စဥ်နေ့တိုင်း လေ့ကျင့်ခန်းဆင်းရင်ဆင်း ဒါမှမဟုတ် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ လေ့ကျင့်ခန်းတွေလုပ်ရင်လုပ်နဲ့ အချိန်တွေကုန်ဆုံးနေတယ်လို့ လီဗာပူးဂိုးသမား အက်ဒရီယန်ကဆိုလာပါတယ်။

ဆာလာဟာ လက်ရှိဘောလုံးရာသီမှာ လီဗာပူးအတွက် မရှိမဖြစ် ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ သွင်းဂိုး (၁၅) ဂိုးသွင်းယူထားတာပါ။ နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်နဲ့ အဝေးကွင်းပွဲမှာလည်း ဆာလာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဒီရာသီအတွင်းမှာပဲ စံချိန်မှတ်တမ်းအချို့ကို ရိုက်ချိုးထားနိုင်ပါသေးတယ်။

ဒီလိုမျိုး ဆာလာက ပွဲမရှိတဲ့အချိန်မှာတောင် ဘယ်လောက်အထိ ကြိုးစားနေလဲဆိုတဲ့အပေါ် လီဗာပူးအသင်းဖော် ဂိုးသမား အက်ဒရီယန်က သူ့ရဲ့ သီးသန့်အင်တာဗျူးမှာ အခုလိုပဲဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အက်ဒရီယန်က “ရော်နယ်ဒိုနဲ့မက်ဆီတို့ တစ်နေ့တစ်နေ့ ဘာတွေလုပ်နေလဲ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဆာလာအကြောင်းတော့ ကျွန်တော် ကောင်းကောင်းသိပါတယ်”
“ဆာလာက တကယ်ကို အလုပ်ကြိုးစားတဲ့ ကစားသမားပါ။ ကွင်းထဲမှာ လေ့ကျင့်ခန်းဆင်းရင်ဆင်း ဒါမှမဟုတ် ကြံခိုင်မှုလေ့ကျင့်ခန်းတွေ လုပ်နေလေ့ရှိပါတယ်။ တစ်ရက်မှ အနားယူနေတာမျိုးမရှိပါဘူး။ ပွဲကန်ပြီး နာရီအနည်းငယ်အကြာမှာတင် သူက ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖို့ တစ်ခုခုလုပ်နေပြီး နောက်ပွဲအတွက် ချက်ချင်းအဆင်သင့်ဖြစ်အောင် ပြင်ဆင်နေတာပါ”
“ဆာလာရဲ့ လေ့ကျင့်ခန်းဆင်းပုံက မယုံကြည်နိုင်စရာပါပဲ။ သူ လက်ရှိအချိန်မှာ ကြီးကျယ်ခမ်းနားမှုတွေ ရရှိနေတာ ကံကြောင့်မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ဖို့ဆိုရင် ပွဲတိုင်းပွဲတိုင်းမှာ ဒီလိုအဆင့်မျိုးကို ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်”
“ဂိုးသွင်းရမယ်၊ ပေးပို့မှုတွေ ပြုလုပ်ရမယ်၊ ပြေးထွက်ရမယ်၊ ဘောလုံးဆွဲပြေးရမယ်။ ဆာလာက အံ့အားသင့်စရာတွေချည်းပဲ လုပ်ပြခဲ့တာပါ။ ကျွန်တော့်အတွက်တော့ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဆိုတာ သေချာပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။