စုတ်ပြတ်သတ်နေတဲ့ ယူနိုက်တက်ရဲ့ ခြေစွမ်းကို ထပ်မံမြင်တွေ့ခဲ့ရတဲ့ပွဲပါ။ ယူနိုက်တက်နောက်တန်းမှာတော့ ဗာရန်းမပါဝင်တာကလွဲရင် လူစုံခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ်၊ တွမ်မီနေး၊ ဘရူနိုဖာနန်ဒက်စ်၊ တိုက်စစ်မှာတော့ ရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ ပွဲထွက်ခဲ့ပါတယ်။ ပေါ့ဘာကတော့ အတ္တလန်တာနဲ့ပွဲကအတိုင်း အရံခုံမှာပဲရှိခဲ့ပါတယ်။ လီဗာပူးရဲ့ ပွဲထွက်ကစားသမားစာရင်းက နည်းနည်လေး စဥ်းစားစရာတွေရှိခဲ့ပါတယ်။
ပုံမှန်အသားကျနေတဲ့ မာတစ်ပ်ကို အရံခုံပို့ခဲ့ပြီး ကိုနာတေးနဲ့ ဗန်ဒိုက်ချ်ကိုတွဲဖက် ပွဲထုတ်လာခဲ့ပါတယ်။ ဒါက အမြင့်ဘောတွေမှာ ရော်နယ်ဒိုကို ပိုပြီး ထိထိရောက်ရောက် တားဆီးနိုင်ဖို့အတွက်လို့ ယူဆရပါတယ်။ ကွင်းလယ်မှာ ဟန်ဒါဆန်၊ မီလ်နာ၊ ကီတာ၊ တိုက်စစ်မှာ မာနေးမပါဝင်ခဲ့ဘဲ ဆာလာ၊ ဖေမီနို၊ ဂျိုတာတို့ ပွဲထွက်ခဲ့ပါတယ်။
ပွဲစစချင်း ဘရူနိုဖာနန်ဒက်စ် အပိုင်အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမယ့် မိုးပေါ်ထောင်ကန်ခဲ့ပြီး မကြာခင်မှာပဲ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပေးရပါတယ်။ လုခ်ရှောရဲ့ အားနည်းလွန်းတဲ့ လူကျွံထောင်ချောက်ကတစ်ဆင့် ဆာလာ ချပေးတာကို ကီတာက ဒီဂီယာနဲ့ တစ်ယောက်ချင်းအတွေ့မှာ သွင်းယူသွားခဲ့တာပါ။
ယူနိုက်တက်ခံစစ်တန်းက လီဗာပူးတိုက်စစ်တွဲလုံးတွေကို မထိန်းနိုင်ခဲ့ဘဲ ရိုးရှင်းတဲ့ ပေးပို့မှုတွေနဲ့ ဝင်လာတဲ့ ဘောလုံးလမ်းကြောင်းတွေကိုတောင် မတားနိုင်ခဲ့ပါဘူး။ (၁၅) မိနစ်မပြည့်ခင်မှာပဲ နောက်တစ်ဂိုးပေးခဲ့ရပြီး ဒီတစ်ခါမှာလည်း မက်ဂွိုင်းရားနဲ့လုခ်ရှောတို့ အမှားကနေ ဂျိုတာက အာနိုးလ်ဖန်တီးပေးတာကို အဆုံးသတ်ခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးက ပုံမှန်ပဲကစားခဲ့ပြီး ယူနိုက်တက်နောက်တန်းက ပျမ်းမျှအောက်ကိုရောက်နေခဲ့ပါတယ်။ အတ္တလန်တာနဲ့ပွဲ ပထမပိုင်းမှာလည်း ဒီတိုင်းပါပဲ။ ဒါပေမယ့် ပထမပိုင်းမှာတင် သေချာသိလိုက်ရတာတစ်ခုက ဒီပွဲ ယူနိုက်တက်ရှုံးပြီဆိုတာပါ။ နောက်ပိုင်းမှာ ယူနိုက်တက်ဘက်က ပြန်လည်ခြိမ်းခြောက်မှုအချို့ရှိခဲ့ပေမယ့် ဂိုးရဖို့ မလုံလောက်ခဲ့ပါဘူး။
ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်းစစချင်းမှာ ဆာလာက ဟက်ထရစ်သွင်းခဲ့ပြီး ရော်နယ်ဒို တစ်ဂိုးပြန်သွင်းပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။ ယူနိုက်တက်ပရိသတ်တွေ စောစောစီးစီး ကွင်းအပြင်ရောက်သွားတာကို ရုပ်သံတွေကရိုက်ပြခဲ့ပြီး ဒီလိုရုပ်ပျက်ဆင်းပျက်ရှုံးပွဲမျိုးနဲ့ပတ်သက်လို့ ဆိုးလ်ရှားကို ဆက်ပြီး သည်းခံနေဖို့လည်း မသင့်တော့ပါဘူး။
ပထမပိုင်းပြီးခါနီးမှာ ရော်နယ်ဒို ကာတစ်ဂျုံးစ်ကို သိသိသာသာ ကန်ကျောက်ခဲ့ပေမယ့် အနီမထိဘဲ အဝါကတ်ပဲပြခဲ့လို့ ကံကောင်းခဲ့ပါတယ်။ ရော်နယ်ဒို ဒေါသတကြီး ကန်ကျောက်ခဲ့တာ သိသာပြီး သေချာပေါက် အနီကတ်ပြရမှာပါ။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင်ကစားသမား ပေါ့ဘာ ကွင်းထဲရောက်ပြီး (၁၅) မိနစ်နဲ့ တိုက်ရိုက်အနီကတ်ထိခဲ့ပါတယ်။ နာဘီကီတာလည်း ပေါ့ဘာရဲ့ဖျက်ထုတ်မှုကြောင့် ထမ်းစင်နဲ့ကွင်းထဲကထွက်သွားခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ရလဒ်ကအပြောင်းအလဲမရှိခဲ့ဘဲ လီဗာပူးတို့ အိုးထရက်ဖို့ဒ်မှာ (၅) ဂိုးသွင်းပြီး ခြေပြတ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆိုးလ်ရှားကတော့ ယူနိုက်တက်ကစားသမားဘဝမှာတည်းက လီဗာပူးဟာ ဘယ်လောက်အထိ ခါးသီးတဲ့ပြိုင်ဘက်လဲဆိုတာ သိခဲ့ပြီးသားဖြစ်ပေမယ့် သူ့ရဲ့နည်းပြဘဝမှာတော့ အခုလိုပဲ အိုးထရက်ဖို့ဒ်မှာတင် အရှက်တကွဲရှုံးခဲ့တာပါ။ ဒီရလဒ်အတွက် ယူနိုက်တက်ဘုတ်အဖွဲ့နဲ့ ဆိုးလ်ရှားတို့ ဘယ်လိုတာဝန်ခံမလဲ စောင့်ကြည့်ရပါလိမ့်မယ်။