လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က သူ့ရဲ့မရှိမဖြစ်အားကိုးရတဲ့ ကစားသမား ဆာလာနဲ့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို နှိုင်းယှဥ်ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ လာမယ့် တနင်္ဂနွေ၊ မြန်မာစံတော်ချိန် ည (၁၀) နာရီ၊ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကြမှာပါ။

ဒီပွဲမှာ ယူနိုက်တက်နဲ့လီဗာပူး အားပြိုင်မှုအပြင် ရော်နယ်ဒိုနဲ့ဆာလာအားပြိုင်မှုကလည်း ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာအဖြစ်ရှိနေပါတယ်။ ဆာလာဟာ ဒီရာသီမှာ လီဗာပူးအတွက် အထူးဂိုးသွင်းခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၁) ပွဲမှာ (၁၂) ဂိုးသွင်းယူထားတာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကိုယ်တိုင်က ဆာလာကို လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ချီးကျူးထားပြီး လတ်တလောမှာ ရော်နယ်ဒိုရော၊ မက်ဆီရော ဆာလာကို မကျော်နိုင်ဘူးလို့ မကြာခင်ကမှ ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း ယာဂင်ကလော့ပ်က ရော်နယ်ဒိုထက် ပိုမိုကောင်းမွန်တဲ့ ဆာလာရဲ့ အားသာချက်တစ်ခုကို အခုလိုပြောပြခဲ့ပါတယ်။
ယာဂင်ကလော့ပ်က “ကျွန်တော်တို့တွေက ဘာလို့ သူတို့နှစ်ယောက် (ဆာလာနဲ့ရော်နယ်ဒို) ကို နှိုင်းယှဥ်နေကြတာလဲ? နှစ်ယောက်လုံးက ကမ္ဘာ့အဆင့် ကစားသမားတွေပဲလေ။ ဆာလာရဲ့ ဘယ်ခြေကတော့ ရော်နယ်ဒိုထက် ပိုကောင်းနိုင်ပါလိမ့်မယ်။ ရော်နယ်ဒိုက လေထဲမှာ ဆာလာထက် နည်းနည်းလေး ပိုကောင်းမွန်ပြီး ညာခြေနဲ့ ပတ်သက်လာရင်လည်း နည်းနည်းပိုကောင်းပါတယ်”
“နှစ်ယောက်လုံးကတော့ လျင်လျင်မြန်မြန်နဲ့ပဲ ဂိုးတွေသွင်းယူနိုင်ကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးအတွက် (၉) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် ပူပူနွေးနွေး မှတ်တမ်းဝင်ထားတဲ့ ကစားသမားပါ။
မန်စီးတီး၊ ဝက်ဖို့ဒ်တို့နဲ့ပွဲတွေမှာ သွင်းယူခဲ့တဲ့ ဆာလာရဲ့တစ်ကိုယ်တော်သွင်းဂိုးတွေက သူ့ကို နေ့ချင်းညချင်းပဲ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံစေရပြီး ယူနိုက်တက်နဲ့ပွဲမှာရော သူ့ကိုယ်သူ ကမ္ဘာ့အဆင့်အဖြစ် ထပ်မံသက်သေပြနိုင်ဦးမလား စောင့်ကြည့်ရပါလိမ့်မယ်။