အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်မှာ ကမ္ဘာကျော်အမေရိကန်နည်းပညာကုမ္ပဏီ Apple က စမတ်နာရီနဲ့ လက်ပ်တော့တွေ ထုတ်လုပ်ဖို့ ပြင်နေပါတယ်။
Apple ဟာ ကုမ္ပဏီရဲ့ နာမည်ကျော် Apple Watch စမတ်နာရီနဲ့ MacBook ထုတ်ကုန်တွေကို ဗီယက်နမ်နိုင်ငံထဲမှာ ပထမဆုံးအကြိမ် ထုတ်လုပ်မှု လုပ်ဆောင်သွားဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုကို တရုတ်ကနေ တခြားနိုင်ငံတွေဆီ ရွှေ့လာနေတဲ့ Apple ရဲ့ ထုတ်လုပ်ရေးဝန်ကို ဗီယက်နမ်က ကန်ထရိုက်စက်ရုံတွေက ခွဲယူတော့မှာ ဖြစ်ပါတယ်။
Nikkei Asia က ရတဲ့ သတင်းအချက်အလက်တွေအရ Apple Suppliers တွေ ဖြစ်တဲ့ Luxshare Precision Industry နဲ့ Foxconn တို့ဟာ ဗီယက်နမ်မြောက်ပိုင်းမှာ Apple Watch စမတ်နာရီ အစမ်းထုတ်လုပ်မှု စတင်နေပြီလို့ ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံအပြင်ဘက်မှာ ပထမဆုံးအကြိမ်အဖြစ် Apple Watch ထုတ်လုပ်မှုလုပ်ဖို့ ခြေလှမ်းပြင်လာတာ ဖြစ်ပါတယ်။ Nikkei Asia ဟာ အခုကိစ္စနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လူ ၃ ဦးဆီက သတင်းအရင်းအမြစ်ကို ကိုးကားပြီး ဖော်ပြထားတာပါ။
ဗီယက်နမ်ဟာ Apple ထုတ်ကုန်တွေကို အခုမှ ထုတ်လုပ်လာတဲ့ နိုင်ငံတော့လည်း မဟုတ်ပါဘူး။ iPad တက်ဘလက်တွေနဲ့ AirPods နားကြပ်တွေအပါအဝင် Apple ရဲ့ ထိပ်တန်း Flagship ထုတ်ကုန်အတော်များများကိုလည်း တရုတ်ပြင်ပ ထုတ်လုပ်မှုအနေနဲ့ ဗီယက်နမ်မှာပဲ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေးစစ်ကြောင့် တင်းမာလာချိန် ၂၀၂၀ ပြည့်နှစ်ထဲမှာ Apple ဟာ AirPods ထုတ်လုပ်မှုကို ဗီယက်နမ်နိုင်ငံကို စတင် ပြောင်းရွှေ့လာခဲ့ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကိုဗစ်နဲ့ ဆက်စပ်ပြီး အသွားအလာကန့်သတ်မှုတွေကြောင့် Supply Chain ပိုင်း ထိခိုက်လာပြီးနောက် Apple ဟာ iPad ထုတ်လုပ်မှုကို ဗီယက်နမ်နိုင်ငံဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ တရုတ်ကနေ ဗီယက်နမ်ကို ထုတ်လုပ်ရေးပြောင်းရွှေ့မှုမှာ တရုတ် BYD က ပထမဆုံးကူညီပေးခဲ့တာ ဖြစ်ပြီး နောက်ပိုင်း ဗီယက်နမ် iPad ထုတ်လုပ်မှုကို ပိုတိုးလာအောင် Foxconn က တာဝန်ယူခဲ့တာပါ။ Apple ဟာ ဗီယက်နမ်နိုင်ငံမှာပဲ ကုမ္ပဏီရဲ့ HomePod စမတ်စပီကာတွေ ထုတ်လုပ်ဖို့ အစမ်းထုတ်လုပ်ရေးကိစ္စကို Suppliers တွေနဲ့ ဆွေးနွေးနေပြီလို့လည်း ဆိုပါတယ်။
"AirPods ၊ Apple Watch ၊ HomePod ပြီးတော့ တခြားထုတ်ကုန်တွေပေါ့။ Apple ဟာ iPhone ထုတ်လုပ်ရေးကလွဲပြီး ဗီယက်နမ်မှာ ဧရာမစီမံကိန်းကြီးတွေ ရှိနေပါတယ်။" လို့ Nikkei Asia ရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
MacBook ထုတ်လုပ်ရေးအတွက် ဗီယက်နမ်မှာ အစမ်းထုတ်လုပ်ရေးတွေ လုပ်ဆောင်ဖို့ Apple ဟာ Supplier တွေကို ညွှန်ကြားထားတယ်လို့လည်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ ဒါပေမယ့်လည်း ကပ်ရောဂါဘေးရဲ့ အနှောင့်အယှက်တွေကြောင့်အပြင် Notebook ကွန်ပျူတာ ထုတ်လုပ်ရေးအတွက် Supply Chain လိုအပ်ချက်တွေကြောင့် ထုတ်လုပ်ရေးနှေးကွေးမှုနဲ့ ကြုံနေတယ်လို့လည်း ဆိုပါတယ်။
Apple Watch ကတော့ ပိုပြီး အဆင့်မြင့်တဲ့ထုတ်ကုန်ဖြစ်သလို သေးငယ်တဲ့ နာရီအိုး Case ထဲ အစိတ်အပိုင်းတွေ အများကြီး ထည့်သွင်းဖို့ဟာ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုအတော်လေး လိုအပ်ပါတယ်။ Apple Watch လို ပိုပြီး ရှုပ်ထွေးတဲ့ အဆင့်မြင့်ထုတ်ကုန်တစ်ခုကို ထုတ်လုပ်နိုင်မယ်ဆိုရင် ဗီယက်နမ်နိုင်ငံအနေနဲ့ ထုတ်လုပ်ရေးနည်းပညာပိုင်းမှာ အဆင့်အတန်းမြင့်မားမှုကို ဖော်ပြရာလည်း ရောက်လာမှာပါ။
ထုတ်ကုန်ထုတ်လုပ်ရေးအားလုံးနီးပါးကို ဆယ်စုနှစ်နဲ့ချီကြာအောင် တရုတ်အပေါ် အားကိုးခဲ့တဲ့ Apple အတွက် ဗီယက်နမ်ကို ပြောင်းရွှေ့မှုလုပ်လာတာဟာ တကယ့်အပြောင်းအလဲကြီးတစ်ခုကို ဦးတည်လာနေတာ ဖြစ်ပါတယ်။ ဗီယက်နမ်မှာလည်း Apple အတွက် ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနေတဲ့ Suppliers အရေအတွက်ဟာ ၂၀၁၈ ခုနှစ်မှာ ၁၄ ခုကနေ အနည်းဆုံး ၂၂ ခုအထိ တိုးတက်လာနေတယ်လို့ ဆိုပါတယ်။ Apple အပြင် တခြားထိပ်တန်း အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Google ၊ Dell နဲ့ Amazon တို့လို အီလက်ထရွန်းနစ်လုပ်ငန်းကြီးတွေလည်း ဗီယက်နမ်မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ Nikkei Asia သတင်းက ဖော်ပြပါတယ်။
Share