ဒီတစ်ပတ်ထဲ ကျင်းပခဲ့တဲ့ CES ပွဲမှာ Samsung ဟာ ထူးခြားတဲ့ ဖုန်းတစ်လုံးကို ယူဆောင်လာခဲ့ပါတယ်။

Photo: CNET
၂၀၁၉ မှာ ဈေးကွက်ထဲ ရောက်မယ်ဆိုတဲ့ 5G ဖုန်းပါ။ လာ့စ်ဗီးဂတ်စ်မှာ prototype အဖြစ် ထုတ်ပြခဲ့တာ ဖြစ်ပြီး ဒီတစ်ခါလည်း မှန်အိမ်ထဲ ထည့်ပြခဲ့တာ ဖြစ်လို့ဘယ်သူမှ hands on လုပ်ခွင့်မရခဲ့ပါဘူး။ ဒီဇိုင်းပိုင်းမှာတော့ ဟာဝိုင်အီမှာ ကျင်းပသွားတဲ့ Qualcomm နှစ်စဉ်နည်းပညာပွဲမှာတုန်းက prototype နဲ့တစ်ပုံစံတည်း ဖြစ်ပါတယ်။
ကွာခြားတဲ့အချက်က Samsung ဟာ 5G ဈေးကွက်ထဲ ဝင်ဖို့သေချာပေါက် ပြင်ဆင်ပြီးသွားတာပါ။ ဒီတစ်ပတ်ထဲမှာ Samsung ရဲ့ ပထမဆုံး 5G ဖုန်းကို အမေရိကန်တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ Verizon က နှစ်လယ်ပိုင်းမှာ ရောင်းချသွားမယ်လို့ကြေငြာထားပြီး AT&T ကလည်း Samsung ထုတ် 5G ဖုန်းမော်ဒယ်နှစ်မျိုးကို US ဈေးကွက်ထဲ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။
5G ဖုန်းဈေးကွက်ကို လက်ဦးမှု ရယူဖို့ကြိုးစားနေတဲ့ Samsung ဟာ Sprint နဲ့လည်း လက်တွဲမှု လုပ်ဆောင်ထားပါတယ်။ Samsung ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Galaxy S10 ဖုန်းသစ်တွေကို တရားဝင်မိတ်ဆက်မယ့်အကြောင်း ကြေငြာထားပြီး ဒီပွဲမှာ Galaxy S10 series စမတ်ဖုန်း သုံးလုံးနဲ့အတူ 5G ရတဲ့ ဗားရှင်းသစ်ကို မိတ်ဆက်ဖို့လည်း ရှိနေပါတယ်။
Photo: ZDnet
နည်းပညာပိုင်းအရ ပြောမယ်ဆိုရင် 5G ရတဲ့ ဖုန်းတစ်လုံးဟာ လက်ရှိ သုံးနေတဲ့ 4G LTE ကွန်ရက်သုံး ဖုန်းတွေထက် ဒေတာ upload/download လုပ်ရာမှာ ၁၀ ဆကနေ အဆ ၁၀၀ အထိ ပိုမြန်မှာပါ။ ဒီနှစ်ထဲမှာတော့ 5G ဖုန်းတွေကို တရုတ်အန်းဒရိုက်ဖုန်းကုမ္ပဏီတွေကလည်း ထုတ်လုပ်သွားမယ်လို့သတင်းတွေ ထွက်ထားပါတယ်။