iPhone တွေမှာ အားသွင်းခေါင်းထည့်မပေးတဲ့ကိစ္စနဲ့ Apple ဟာ ဘရာဇီးမှာ တရားရင်ဆိုင်နေရပါတယ်။
ဘရာဇီးစားသုံးသူရေးရာအဖွဲ့က Apple ကို Charger မပါတဲ့ iPhone ရောင်းမှုနဲ့ တရားစွဲထားတဲ့အပေါ် ဆာပေါ်လိုပြည်နယ်တရားရုံးက Apple ကို ဘရာဇီးရီးရဲလ် သန်း ၁၀၀ (ဒေါ်လာ ၁၉ သန်း) ဒဏ်ကြေးပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် Apple အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း iPhone 12 နဲ့ iPhone 13 ဝယ်ယူထားတဲ့ ဘရာဇီးက ဖောက်သည်တွေကို Charger ထောက်ပံ့ပေးဖို့ပါ တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။

Apple ကတော့ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ဆိုပါတယ်။ အမှုကို ဆုံးဖြတ်တဲ့ တရားသူကြီးကတော့ iPhone ဝယ်ယူမှုမှာ Charger ထည့်မပေးတာကို စားသုံးသူကို စော်ကားတဲ့လုပ်ရပ်တစ်ခုအဖြစ် ပြောပြီး စားသုံးသူတွေကို ပထမကတည်းက လုပ်ရမယ့်အလုပ်အတွက် ဒုတိယထုတ်ကုန်တစ်ခု ဝယ်ခိုင်းတာပဲလို့ ပြောပါတယ်။ iPhone တွေကို Charger မပါဘဲ ရောင်းနေတာကြောင့် Apple ဟာ ဘရာဇီးအာဏာပိုင်တွေနဲ့ ပြဿနာတက်နေပါတယ်။
၂၀၂၁ ခုနှစ်ထဲမှာလည်း ဆာပေါ်လိုစားသုံးသူကာကွယ်ရေးအေဂျင်စီ Procon-SP ဟာ iPhone 12 မှာ အားသွင်း Adapter ဖယ်ရှားမှုအတွက် ဘရာဇီးစားသုံးသူကာကွယ်ရေးကျင့်ဝတ် ချိုးဖောက်မှုနဲ့ Apple ကို ဒေါ်လာ ၂ သန်းဝန်းကျင် ဒဏ်ရိုက်ခဲ့ပါတယ်။ ဒီနှစ် စက်တင်ဘာလထဲမှာလည်း နိုင်ငံရဲ့ တရားရေးဝန်ကြီးဟာ Charger မပါတဲ့ iPhone တွေ နိုင်ငံအတွင်း ရောင်းချမှု ပိတ်ပင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အမိန့်နဲ့အတူ နောက်ထပ် ဒဏ်ငွေ ဒေါ်လာ ၂.၃၈ သန်းလည်း ဒဏ်ရိုက်ခဲ့ပြီး ဘရာဇီးအမျိုးသားတယ်လီကွန်းအေဂျင်စီနဲ့ iPhone 12 ရဲ့ မှတ်ပုံတင်ထားမှုကို ပယ်ဖျက်ဖို့ပါ အမိန့်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း Apple က အယူခံတင်ထားပါတယ်။ Apple ဟာ ၂၀၂၀ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ iPhone 12 က စပြီး iPhone တွေမှာ Power Adapters ထည့်သွင်းမှု ရပ်ဆိုင်းခဲ့ပါတယ်။ iPhone ဝယ်တိုင်း Chargers တွေ ဖယ်ရှားလိုက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုစားမှုပြန်ပေးနိုင်ပြီး ကြေးနီ ၊ ဇင့်နဲ့ သံဖြူတန်ချိန် ၈၆၁၀၀၀ ကို ထုတ်လုပ်မှုသက်သာစေမယ်လို့ ဆိုပါတယ်။
ဘရာဇီးတရားရေးဝန်ကြီးဌာနကတော့ ဒီအကြောင်းပြချက်ကို လက်မခံပါဘူး။ Apple အနေနဲ့ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာ USB-C စနစ်ပြောင်းတာမျိုးဖြစ်ဖြစ် လုပ်ပြီး တခြားနည်းလမ်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်မယ်လို့ ပြောပါတယ်။ ဥရောပပါလီမန်အဖွဲ့ဟာ EU အတွင်း USB-C ကို ဘုံအားသွင်းစံအဖြစ် သတ်မှတ်ဖို့ မဲပေးထားတာကြောင့် ၂၀၂၄ အကုန် မိတ်ဆက်လာမယ့် iPhone တွေမှာ USB-C အားသွင်းစနစ်နဲ့ ထွက်လာနိုင်ပါတယ်။