ဒါရိုက်တာ ခရစ္စတီးနားခီဟာClean Yangon အဖွဲ့ရဲ့ "လိုရင်ခေါ်ပါ" အစီအစဉ်အတွက် သိန်း(၂၀)သွားရောက် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

Photo: FCPN
သရုပ်ဆောင် ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဆောင်ရွက်နေတဲ့ FCPN အဖွဲ့ဟာ Clean Yangon အဖွဲ့သို့ မေလ (၁၄) ရက်နေ့က ငွေကျပ် သိန်း(၂၀) တိတိကို ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင်က လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒီအလှူကတော့ နာမကျန်းသူများ၊ မသန်စွမ်းများနဲ့ သက်ကြီးရွယ်အို များအတွက် "လိုရင်ခေါ်ပါ" ဆိုတဲ့ အစီအစဉ်လေးကနေ ထောက်ပံ့မှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
" FCPN မှ Clean Yangon ၏ “လိုရင်ခေါ်ပါ” အစီအစဉ်အတွက် ကျပ်(၂၀)သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ FCPN ပို့စ်အောက်များတွင် နာမကျန်းသူများ မသန်စွမ်းများ သက်ကြီးရွယ်အိုများအတွက် အလှူငွေအစားတောင်းပေးသူများတွေ့ရပါသည်။ ထိုသူတို့သည် “လိုရင်ခေါ်ပါ” အစီအစဉ်ကိုခေါ်ပေးခြင်းဖြင့် တဖက်တလမ်းကကူညီနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးအပ်ပါသည်။ ကာယကံရှင်ကိုယ်တိုင်က နာမကျန်း/သက်ကြီး/မသန်စွမ်း ဖြစ်ပါကကိုယ်တိုင်ခေါ်၍လည်း အကူအညီရယူနိုင်ပါသည်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ" ဆိုပြီးတော့ မေလ ၁၄ ရက်နေ့ ည ၇ နာရီကျော်က FCPN ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။
Photo: FCPN
ဒီအလှူမှာတော့ အိမ်ထောင်စု(၂၀၀) စာအတွက် စာအိတ် တစ်အိတ်လျှင် ငွေကျပ်(၁၀၀၀၀) ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ FCPN အဖွဲ့ဟာ ရန်ကုန်တိုင်း အတွင်းရှိ စားနပ်ရိက္ခာ နဲ့ ငွေကြေးထောက်ပံ့မှုလိုအပ်တဲ့ နေရာဒေသတွေတင်မက နယ်မြို့လေးတွေမှာ အမှန်တကယ် လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေ အထိ လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက ဆိုပါတယ်။ မကြာသေးခင်ကလည်း We Love Yangon ကနေတဆင့် စာအိတ်(၃၀၀) ၊ တစ်အိတ်လျှင် ငွေကျပ် တစ်သောင်း လှူခဲ့တယ်လို့ သိရပါတယ်။
Photo: FCPN
FCPN Program ကိုတော့ ၂၀၂၀ ခုနှစ် မေလ အတွင်းမှာပဲ စတင်တည်ထောင်ခဲ့တာ တွေ့ရပါတယ်။ ဒီအစီအစဉ် ကနေ တဆင့် တကယ်လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေမှာ လိုအပ်နေတဲ့ သူတွေကို အဖွဲ့သားတွေကိုယ်တိုင်က သွားရောက် လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက FCPN Page ကနေတဆင့် ဗီဒီယိုဖိုင်လေးနဲ့ ပြောပြထားတာ တွေ့ရပါတယ်။ အလှူငွေများ ဝိုင်းဝန်းကောက်ခံခြင်း နဲ့ အလှူငွေ စာရင်းများကို အမြဲတမ်း တင်ပြသွားမယ်လို့လည်း သိရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေအတွက် ဧပြီလ အတွင်းက We Love Yangon ကနေတဆင့် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။
Photo: FCPN
FCPN အဖွဲ့အနေနဲ့ ငွေကြေးလှူဒါန်းမှု ပြုလုပ်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကိုတော့ ' ဥပါယ်တံမျဉ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူမဟာ ' မုဒြာရဲ့ ခေါ်သံ' ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုလည်း ရိုက်ကူးခဲ့တာကြောင့် ဒီဇာတ်ကားကိုလည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက် ရုပ်ရှင်ကားကြီး အနေနဲ့ ' Now & Ever' ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပြီး ရရှိလာတဲ့ သတ်မှတ်ထားတဲ့ ငွေကြေးစံချိန်ထက် ကျော်လွန်အောင်မြင်ခဲ့ပြန်တယ်လို့လည်း သိရပါတယ်။