အမေရိကန်မှာ အကျဥ်းထောင်များအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေရှိလာမှုကြောင့် အကျဥ်းသားများကို ပြန်လွှတ်ပေးနေတယ်လို့ ဆိုပါတယ်။

(Photo: Getty Images)
နယူးယော့ခ်မြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရလွယ်တဲ့ အကျဥ်းသားတွေကို ပြန်လွှတ်ပေးနေကြောင်း မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ ရက်) က ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့နဲ့ ကလီဗီလန်းမြို့တွေမှာ ရာနဲ့ချီတဲ့ အကျဥ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ နယူးယော့ခ်မှာလည်း အကျဥ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အကျဥ်းထောင်ထဲမှာရှိနေသူတွေဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုနဲ့ ပျံ့နှံ့စေနိုင်မှု အန္တရာယ်မြင့်မားကြောင်း အကျဥ်းထောင်ပြုပြင်ပြောင်းလဲရေး ထောက်ခံအားပေးသူတွေက ပြောပါတယ်။ တာဝန်ရှိသူတွေက ယခုသီတင်းပတ်အတွင်း အကျဥ်းထောင်မှ ပြန်လွှတ်ပေးမယ့်သူတွေကို ရွေးချယ်သတ်မှတ်သွားမယ်လို့ နယူးယော့ခ်မြို့တော်ဝန် Bill de Blasio က ဆိုပါတယ်။
(Photo: LA Times)
ပြန်လွှတ်ပေးမယ့် အကျဥ်းသားတွေအနက် သေးငယ်တဲ့ပြစ်မှု ကျူးလွန်မှုဖြင့် အဖမ်းခံထားရသူများနဲ့ ကျန်းမာရေးမကောင်းဘဲ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ပိုများသူတွေ ပါဝင်မယ်လို့ သိရပါတယ်။ နယူးယော့ခ်မြို့ရှိ Rikers Island အကျဥ်းထောင်မှာ အစောင့်တစ်ဦးနဲ့ အကျဥ်းသားတစ်ဦးတို့ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။
ထိုအကျဥ်းထောင်မှာ မုဒိမ်းမှုဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံရတဲ့ လူသိများထင်ရှားသူ အသက် ၆၈ နှစ်အရွယ် ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းလည်း ရှိနေပါတယ်။ ဝိန်းစတိန်းကို အခြား အကျဥ်းထောင်တစ်ခုသို့ ရွှေ့ပြောင်းထားမယ်လို့ တာဝန်ရှိသူတစ်ဦးက မတ်လ ၁၈ ရက်နေ့မှ ပြောပါတယ်။
(
Photo: Boston Globe)
Sing Sing ကဲ့သို့ နယူးယော့ခ်ရှိ အခြား အကျဥ်းထောင်တွေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အကျဥ်းသားများရှိနေခဲ့ပြီး ပြည်နယ်အကျဥ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး COVID-19 ကြောင့် သေဆုံးခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်ကောင်တီရဲဌာနက ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အကျဥ်းသားဦရေကို ၆၀၀ လျှော့ချခဲ့ကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်ကောင်တီ အကျဥ်းထောင်စနစ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်ပြီး အကျဥ်းသားဦးရေ ၂၂,၀၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ လော့စ်အိန်ဂျလိစ်ကောင်တီမှာ ယခင်က တစ်ပတ်လျှင် ပျမ်းမျှ ဖမ်းဆီးမှု ၃၀၀ ရှိခဲ့ပေမဲ့ မတ်လလယ်မှာတော့ တစ်ပတ်လျှင် ဖမ်းဆီးမှု ၆၀ သာ လုပ်ဆောင်ခဲ့ကြောင်း ရဲဌာနအကြီးအကဲ Alex Villanueva က သတင်းထောက်တွေကို ယခုသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။
(Photo: Johannes Eisele/AFP)
အမေရိကန် အိုဟိုင်းယိုးပြည်နယ် Cuyahoga ကောင်တီ ကလီဗာလန်းမြို့ရှိ အကျဥ်းထောင်ကလည်း COVID-19 ဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် အကျဥ်းသား ရာနဲ့ချီ လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ နယူးယော့ခ်မှ ကယ်လီဖိုးနီးယားအထိ အကျဥ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့်များလည်း ပိတ်ပင်ထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁၉ ရက် ညပိုင်းအထိ စာရင်းတွေအရ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉,၄၁၅ ဦး စစ်ဆေးအတည်ပြုထားပြီး သေဆုံးသူ ၁၅၀ အထိ မြင့်တက်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မတ်လ ၁၉ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၂,၅၃၇ ဦးနဲ့ သေဆုံးသူ ၉,၇၁၈ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတဲ့ အီရန်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအဖြစ် နိုင်ငံရေးအကျဥ်းသားများ အပါအဝင် အကျဥ်းသား ၈၅,၀၀၀ ကို ပြန်လွှတ်ပေးထားကြောင်း သိရပါတယ်။