ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလအတွင်း အော်ပရေတာများ မိမိတို့၏ အကျိုးစီးပွားကို အဓိကမထားဘဲ အများပြည်သူများ သက်သာတဲ့နှုန်းထားနဲ့ သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခများ လျှော့ချဆောင်ရွက်ပေးဖို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းခဲ့ပါတယ်။
မတ်လ ၃၁ ရက်နေ့က ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရဲ့ COVID-19 ကာလအတွင်း ဆောင်ရွက်ထားရှိမှုများ Tariff ခေါင်းစဉ်နဲ့ ကြေညာချက် ထွက်လာပြီးနောက် ပြည်တွင်းအော်ပရေတာတွေဟာ ဝန်ဆောင်ခနှုန်းထား ဖြေလျှော့ပေးမှု လုပ်လာခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့က စပြီး Mytel ဟာ ငွေဖြည့်ပမာဏရဲ့ ၅၀% အပိုထပ်ဆောင်းပေးခြင်း ၊ Telenor မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် www.mohs.gov.mm ကို zero rating data နဲ့ အခမဲ့ ဝင်ကြည့်ခွင့် ပေးခဲ့ပါတယ်။

Photo: PTD/Facebook
Ooredoo အော်ပရေတာဟာ ရက် ၃၀ Data နဲ့ Voice Pack များအပြင် ငွေဖြည့်ပမာဏရဲ့ ၁၅၀% အပိုထပ်ဆောင်းပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ပြည်တွင်းအော်ပရေတာတွေဟာ 1MB ကို 1 Kyat နှုန်း ကောက်ခံကြတာ ဖြစ်ပြီး Ooredoo ကတော့ 1GB ၊ 2GB ၊ 4GB နဲ့ 8GB ဒေတာဈေးနှုန်းကို ၉၉၉ ကျပ် ၊ ၁၉၉၉ ကျပ် ၊ ၂၉၉၉ ကျပ်နဲ့ ၄၉၉၉ ကျပ်သတ်မှတ်ကောက်ခံကြောင်း ကြေညာပါတယ်။
" COVID-19 စဖြစ်ပြီဆိုကတည်းက ပေးဖို့ အဆင်သင့်လုပ်ထားတာပါ။ အခု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနဘက်ကလည်း Instruction လာတော့ ကျွန်တော်တို့ ဝန်ဆောင်မှုသစ်ကို ချက်ချင်းပေးလို့ ရသွားတာပေါ့" လို့ Ooredoo မြန်မာရဲ့ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က Duwun Tech ကိုပြောပါတယ်။ Ooredoo ဟာ ၉၉၉ ကျပ်နဲ့ Ooredoo ဖုန်းအချင်းချင်း ရက် ၃၀ Unlimited ပြောနိုင်မယ့် Voice pack ဝန်ဆောင်မှုလည်း ပေးထားပါတယ်။
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ဧပြီ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လူသုံးအများဆုံး အော်ပရေတာတစ်ခုဖြစ်တဲ့ MPT ဟာ ၅ မိနစ်ဖုန်းပြောခကောက်ပြီး နောက်ထပ် ၅၅ မိနစ် အခမဲ့ပြောဆိုခွင့် နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်အပါအဝင် ဝက်ဘ်ဆိုက် ၆ ခု အခမဲ့ဝင်ကြည့်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
Photo: Duwun Tech
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနဟာ COVID-19 ကာလ အိမ်မှအလုပ်လုပ်ကိုင်သူများ အဆင်ပြေစေရေးနှင့် အများပြည်သူများ သက်သာသည့် နှုန်းထားဖြင့် ဆက်သွယ်ပြောဆိုနိုင်ရေးအတွက် အနိမ့်ဆုံး မိုဘိုင်းဝန်ဆောင်ခနှုန်းထားများအား မတ်လ ၂၇ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဖြေလျှော့ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
COVID-19 ကာကွယ်ရေးမှာ ပါဝင်မှုအနေနဲ့ ပြည်တွင်းအော်ပရေတာ ၄ ခုဖြစ်တဲ့ MPT ၊ Telenor ၊ Ooredoo နဲ့ MyTel တို့ဟာ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ခံပြည်သူများအတွက် ဖုန်း SIM Card တစ်ခုစီနဲ့ အင်တာနက်ဒေတာ 1GB အခမဲ့ပေးထားပါတယ်။