တနင်္ဂနွေညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနဲ့ ယူနိုက်တက်ဂိုးသမား ဒီဂီယာတို့အကြား မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတခုအပေါ် ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်လူဟောင်း အိုဟားရားက ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ ဒီဘရိုင်းနဲ့ဒီဂီယာတို့နှစ်ယောက်က ပွဲချိန်အတွင်း ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောဆိုနေခဲ့တာကို ပရိသတ်တွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ အရင်တုန်းကဆိုရင် ဒါဘီပွဲတပွဲမှာ မြင်တွေ့ရခဲတဲ့မြင်ကွင်းတွေလို့ဆိုရင်လည်း မမှားပါဘူး။ ဖိုဒန်ရဲ့ ကန်ချက်ကြောင့် ဗာရန်းလဲကျနေချိန်မှာ မန်စီးတီးကစားသမားတွေက ပွဲကိုမရပ်ဘဲ ဆက်ကစားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ဒီဘရိုင်းရဲ့ကန်ချက်ကို ဒီဂီယာက ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အပါအဝင် ယူနိုက်တက်ကစားသမားအချို့က ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို စောဒကတက်ခဲ့ကြပါတယ်။ ဒီဘရိုင်းကတော့ ဘရူနိုရဲ့စောဒကတက်မှုကို လက်မခံဘဲ ပြန်လည်ငြင်းဆန်ခဲ့ပြီး ဒီဂီယာကိုလည်း ဒီအကြောင်းသွားပြောရင်း နှစ်ယောက်အကြား လေယူလေပေးဖြောင့်ခဲ့ပုံရပါတယ်။ ဒါပေမယ့် အဲ့ဒီဖြစ်ရပ်ကနေ ရရှိသွားတဲ့ ထောင့်ကန်ဘောကတဆင့် ဟာလန်းက မန်စီးတီးအတွက် နှစ်ဂိုးပြတ်ဦးဆောင်နိုင်မယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒီအပေါ်မှာ အိုဟားရားက “ကျနော်တို့တုန်းက ဒါဘီပွဲတွေ ကစားရင် တော်တော်လေးကြောက်ရပါတယ်။ ကျနော့်ကိုလည်း စကားလာမပြောနဲ့၊ လာလည်းမကြည့်နဲ့။ ကွင်းထဲကိုရောက်တာနဲ့ ကျနော် စဥ်းစားရတာက တယောက်ယောက်ကသာ ကျနော့်ထက် ပိုကောင်းသွားရင် ကျနော်ကွင်းထဲကနေ ထွက်ရပြီဆိုတာပါပဲ။ ဒီဂီယာနဲ့ ဒီဘရိုင်းတို့ စကားပြောနေတာကို ကျနော်ကြည့်လိုက်ရပါတယ်”
“စပါးကစားသမားတွေကလည်း အာဆင်နယ်ကစားသမားတွေ လဲကျနေတာကို ဆွဲထူပေးနေကြပါတယ်။ ဒါတွေကို မြင်တဲ့အချိန်မှာ ကျနော် စဥ်းစားမိတာက ဒါဘီပွဲတွေမှာ မြင်တွေ့ရတဲ့ ကြောက်စရာကောင်းတာတွေ ဘယ်ရောက်သွားလဲဆိုတာပါပဲ။ ဒီဒါဘီပွဲတွေက အရင်လို စိတ်အားထက်သန်မှုတွေမရှိတော့ဘဲ အရမ်းကို သဘောထားကြီးလွန်းနေကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေကလည်း အာဆင်နယ်နဲ့စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲ ကစားခဲ့ပြီး ဒီပွဲမှာတော့ အာဆင်နယ်က ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။