Flagship တန်း Specs တွေနဲ့လာတဲ့ အလတ်တန်းစား Gaming ဖုန်းတစ်လုံးကို iQOO က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Vivo ရဲ့ Sub-Brand တစ်ခုဖြစ်တဲ့ iQOO ကနေ အလတ်တန်းစား iQOO Neo 7 ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်တာပါ။ iQOO Neo 7 ဟာ MediaTek Dimensity 9000+ Chispet ၊ 120Hz AMOLED Screen ၊ 120W Fast Charging နဲ့ OIS ရုပ်ငြိမ်စနစ်ပါ 50MP Main Camera တို့လို Flagship-Grade တန်းဝင် Specs တွေ အသုံးပြုလာပါတယ်။ iQOO Neo 7 ဟာ မျက်နှာပြင်ဆိုဒ် ၆.၇၈ လက်မ FHD+ Resolution ပါ AMOLED Display သုံးထားပြီး 120Hz Refresh Rate ၊ 360Hz Touch Sampling Rate တို့ ပါရှိပါတယ်။

iQOO Neo 7 ရဲ့ Screen ဟာ HDR 10+ ထောက်ခံချက်ပါပြီး DCI-P3 Color Gamut နဲ့ အမြင့်ဆုံးတောက်ပမှု 1500nits အထိ ထွက်ပါတယ်။ Display ကို သီးသန့် Pro+ Display Chip နဲ့ လာပြီး ဒီ Chip က Dimensity 9000+ SoC ရဲ့ အလုပ်တွေကို ခွဲဝေလုပ်ဆောင်မှာ ဖြစ်ပါတယ်။ မှန်ပြင်အပေါ် အလယ်တည့်တည့်မှာ Punch-Hole ဆယ်လ်ဖီကင်မရာပေါက် ပါရှိပြီး ကျောဘက်မှာ စတုဂံပုံကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်ပါ 50MP Sony IMX766V Main Sensor နဲ့အတူ 8MP Ultrawide Lens နဲ့ 2MP Macro Lens တို့ ထည့်သွင်းထားပါတယ်။
ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ OriginOS Ocean ကို အသုံးပြုထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဟာ 120W Fast Charging အထိ Support ပေးထားတာကြောင့် ၉ မိနစ်နဲ့ ဘက်ထရီအား ၅၀% ကို အားသွင်းနိုင်မယ်လို့ iQOO က ဆိုပါတယ်။ iQOO Neo 7 ကို အနက် ၊ အပြာ နဲ့ လိမ္မော်ရောင်ကာလာတွေနဲ့ လာပြီး 8/128GB ဗားရှင်းကို ၂၆၉၉ ယွမ် (မြန်မာငွေ ၈ သိန်းဝန်းကျင်) ဈေးကနေ စတင် ရောင်းချသွားမှာပါ။
အမြင့်ဗားရှင်း 12/512GB မော်ဒယ်ကို ၃၂၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ဈေး သတ်မှတ်ထားပါတယ်။ iQOO Neo 7 နဲ့အတူ TWS Air wireless earbuds တစ်မျိုးလည်း ကြေညာထားပါတယ်။ iQOO TWS Air Wireless Earbuds ဟာ 13.2mm Dynamic Drivers ၊ earbuds တစ်ခုချင်းစီမှာ Dual Microphones တွေ နဲ့ ၂၅ နာရီကြာ သက်တမ်းခံနိုင်မယ့် ဘက်ထရီတို့ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ ၁၉၉ ယွမ် (မြန်မာငွေ ၆ သောင်းကျော်) ဈေးနဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။