
လက်ရှိ မြန်မာနိုင်ငံတဝမ်း ရုပ်ရှင်ရုံတွေမှာရုံတင်ပြသနေပြီဖြစ်တဲ့ ငဒူရုပ်ရှင်ဟာ ဇာတ်လမ်းနဲ့တင်ဆက်ပုံအရပရိသတ်တွေ အကြိုက်တွေ့နေတဲ့အပြင် ငဒူရုပ်ရှင်ကိုကြည့်ရှုရုံနဲ့ မိဘမဲ့ကလေးတွေအတွက် အလှူမှာတစ်ဖက်တစ်လမ်းက ပါဝင်ပြီးသား ဖြစ်တယ်ဆိုတဲ့အချက်ကြောင့်ပါ နေ့တိုင်းရုံပြည့်၊ရုံလျှံဖြစ်လောက်အောင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေပါတယ်။
ဒီဇာတ်ကားမှာ ပရိသတ်တွေရဲ့အချစ်တော် အကယ်ဒမီမြင့်မြတ်က ဉာဏ်ရည်သိပ်မပြည့်မီရှာဘဲ ကိုယ်တိုင်က မိဘမဲ့တစ်ဦးဖြစ်ပေမယ့် မိဘမဲ့ကလေးတွေနဲ့လူတွေကို အမြဲကူညီချင်တတ်တဲ့ စိတ်ထားဖြူစင်သူ ငဒူအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိနေကြောင်း ရုပ်ရှင်ကြည့်ပြီးသူတွေရဲ့ သုံးသပ်ချက်တွေကို ကြည့်ရင်ပေါ်လွင်လို့နေပါတယ်။

အဲဒီလိုပဲ မင်းသမီးဖြစ်တဲ့ ရွှေမှုန်ရတီ၊ အခြားသရုပ်ဆောင်တွေဖြစ်တဲ့ နန်းဆုဦး၊ မင်းဦးနဲ့ ပါဝင်သမျှသရုပ်ဆောင်အားလုံး က ဇာတ်လမ်းနဲ့အပိုအလိုမရှိ အကောင်းဆုံးသရုပ်ဆောင်ထားနိုင်ကြတာကိုတွေ့ရမှာပါ။
ဇာတ်လမ်း၊ဇာတ်အိမ်က ခိုင်မာမှုရှိကာကောင်းသလို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ရဲ့ တင်ဆက်ပုံတွေကလည်း သေသပ်လှပလွန်းတာကြောင့် အခုလိုပရိသတ်တွေရဲ့အားပေးမှုကိုရရှိပြီး သမ္မတ၊ သွင် စတဲ့ ရုပ်ရှင်ရုံကြီးတွေမှာ လက်မှတ်တွေရောင်းမလောက်အောင်ဖြစ်နေတယ်ဆိုလည်း မမှားပါဘူး။
ငဒူရုပ်ရှင်ကရရှိတဲ့အကျိုးအမြတ်တွေထဲက ငွေကျပ် သိန်း ၁၀၀ ထိကိုမိဘမဲ့ကလေးတွေအတွက်လှူဒါန်းသွားမှာဖြစ်လို့ ငဒူရုပ်ရှင်ကိုကြည့်တဲ့အခါ မိဘမဲ့ကလေးတွေကိုပါ တစ်ဖတ်တစ်လမ်းကလှူဒါန်းပြီးသားဖြစ်သွားမှာပါ။
သဘာဝကျတဲ့ဟာသတွေနဲ့ သင်ခန်းစာယူဖွယ်လူ့စိတ်သဘာဝတွေကို ကိုယ်တိုင်အတွေးပွားစရာ၊ သင်ခန်းစာယူစရာ ကောင်းအောင် ဒရာမာနဲ့အချိုးကျကျပေါင်းစပ်ထားတဲ့ ငဒူရုပ်ရှင်ဇာတ်ကားကို မကြည့်ရသေးတဲ့သူတွေကိုလည်း သွားကြည့်ဖြစ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။