Huawei ဟာ Samsung ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို ရောက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။
၂၀၂၀ ဒုတိယသုံးလပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းချမှု ကျဆင်းခဲ့ပြီး Samsung ဟာ ရောင်းအား ၃၀% အထိ ထိုးကျသွားဖွယ် ရှိတယ်လို့ Gizmochina သတင်းက ဆိုပါတယ်။ Huawei အနေနဲ့လည်း စမတ်ဖုန်းရောင်းအား အနည်းငယ်ကျဆင်းဖို့ ရှိနေပါတယ်။
Huawei ပြီးခဲ့တဲ့ မေနဲ့ ဧပြီ ၂ လစလုံးမှာ ကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုကို ဦးဆောင်နေခဲ့တာကြောင့် ဒုတိယသုံးလပတ်ဖြစ်တဲ့ မေလကနေ ဇွန်လအထိ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းတင်ပို့သူအဖြစ် ရပ်တည်နိုင်ဖို့ ရှိပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Huawei ရဲ့ အသစ်ထွက်ဖုန်းတွေမှာ Google services မပါလာခြင်းကလည်း ဈေးကွက်တစ်ချို့မှာ ရောင်းအား ထိခိုက်နိုင်ဖွယ် ရှိပါတယ်။

Photo: Android Authority
တစ်ဖက်မှာလည်း တရုတ်ပြည်မကြီး ဈေးကွက်မှာ Huawei ဟာ ဈေးကွက်ဝေစု ၆၀% ကျော် ရထားပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီး ဖြစ်ပြီး Samsung ကတော့ ဒီဈေးကွက်ထဲမှာ ဈေးကွက်ဝေစု ၁% မပြည့်တဲ့ အနေအထားနဲ့ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာ Huawei ဟာ စုစုပေါင်း စမတ်ဖုန်းအရေအတွက် ၈၁.၉၇ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။
ဈေးကွက်ဝေစုအနေနဲ့ Huawei ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ၁၉.၇% နဲ့ Samsung ကတော့ ဈေးကွက်ဝေစု ၁၉.၆% ရခဲ့ပါတယ်။ ဧပြီလထဲမှာ Huawei ဟာ ဈေးကွက်ဝေစု ၂၁.၄% အထိ ရရှိခဲ့ပြီး Samsung ဟာ ဈေးကွက်ဝေစုရဲ့ ၁၉.၁% ပဲ ရှိခဲ့ပါတယ်။ ဒါဟာ Huawei အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် Samsung ကို ကျော်ပြီး ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းထုတ်လုပ်သူနေရာ ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
Photo: China Daily
Huawei အနေနဲ့ Samsung ကို ကျော်တက်ပြီး ကမ္ဘာ့ရှေ့ဆောင် စမတ်ဖုန်းအမှတ်တံဆိပ်နေရာမှာ ရောက်နေပေမယ့် ဒီအနေအထားကို ထိန်းထားနိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ လက်ရှိမှာ အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကြောင့် chip maker ကြီးတစ်ခု ဖြစ်တဲ့TSMC ဟာ Huawei ဆီက chipset အော်ဒါအမှာစာ လက်ခံမှု ရပ်ဆိုင်းထားပါတယ်။
Google Mobile Services သုံးစွဲမှု ပိတ်ခံရပြီးနောက် Huawei ဖုန်းတွေမှာ ကိုယ်ပိုင် Huawei Mobile Services ကို အသုံးပြုလာနေပါတယ်။ Huawei ဟာ အနောက်နိုင်ငံတစ်ချို့ရဲ့ 5G ကွန်ရက်တည်ဆောက်မှုမှာလည်း ပါဝင်ခွင့် ကန့်သတ်ခံထားရပါတယ်။