စပို့တင်းလစ္စဘွန်းအသင်းဟာ ၎င်းတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ခရစ်စတီယာနိုရော်နယ်ဒိုကို ဂုဏ်ပြုတဲ့အနေနဲ့ အိမ်ကွင်းဖြစ်တဲ့ ဟိုဆေးအယ်ဘာလာဒီကွင်းကို ခရစ်စတီယာနိုရော်နယ်ဒိုနာမည်ပြောင်းလဲဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်အသင်းအတွက် ကစားပေးနေတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ စပို့တင်းလူငယ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ၁၉၉၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ စပို့တင်းလစ္စဘွန်းအသင်းအတွက် ကစားပေးခဲ့သူဖြစ်ပါတယ်။
ဘလွန်းဒီအော် ၅ ဆုရှင် ရော်နယ်ဒိုဟာ ၁၄ နှစ်သားအရွယ်ကတည်းက စပို့တင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၂-၂၀၀၃ ရာသီမှာ ပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။
ပေါ်တူဂီသတင်းဌာနဖြစ်တဲ့ O Jogo ရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဟိုဆေးအယ်ဘာလာဒီကွင်းမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် တစ်ပွဲမှ မကစားပေးဖူးပေမယ့် ရော်နယ်ဒိုရဲ့နာမည်ကို ပြောင်းလဲခေါ်တွင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ ဘလွန်းဒီအော် ၅ ဆုရှင် ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ နီးကပ်တဲ့ဆက်ဆံရေး ထားရှိလိုနေတယ်လို့ သိရပြီး ကွင်းနာမည်ကို Estadio Jose Alvalade CR7 လို့ အမည်ပြောင်းလဲသွားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။