အိန္ဒြာကျော်ဇင်က မော်ဒယ်ဘဝတုန်းက ရှိုးလျှောက်ခဲ့ရတဲ့ အမှတ်တရတွေကို ပြောလာပါတယ်။ ဒီနေ့ခေတ်မှာလည်း ကမ္ဘာအဆင့်မီတဲ့ မြန်မာမော်ဒယ်တွေရှိနေပြီဖြစ်လို့ ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

Photo: Eaindra Kyaw Zin
အိန္ဒြာကျော်ဇင်ကတော့ အနုပညာအလုပ်တွေ စလုပ်ခဲ့တဲ့ မော်ဒယ်ဘဝလေးကို လွမ်းနေတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက အမှတ်တရတွေကိုလည်း မီဒီယာ အင်တာဗျူးတွေမှာပြောပြခဲ့ပါတယ်။
‘’ အစ်မတို့ခေတ်တုန်းက မော်ဒယ်တွေထဲက အစ်မဆိုရင် မော်ဒယ်အဆင့်မီ ထဲမှာ မပါဘူး။ ဒါဆို အစ်မက အရပ်ရှည်တာ မဟုတ်ဘူးလေ။ တကယ့် International Model တွေကဆိုရင် အရပ်က တကယ် အမြင့်ကြီးပေါ့။ အစ်မတို့ ခေတ်တုန်းကဆိုရင်လည်း မ ပပဝင်းတု့ိ၊ မမြရွှေဝါ တို့၊ မသန္တာလှိုင် တို့၊ နှင်းဝတ်ရည်သောင်းတို့ တကယ်ကို မော်ဒယ် ပီသခဲ့တဲ့ လူတွေရှိတယ်ပေါ့နော်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ Lush မဂ္ဂဇင်း ၂ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Li John
ဒီနေ့ ခေတ်မှာရပ်တည်နေတဲ့ မော်ဒယ်တွေအတွက်ကိုလည်း အိန္ဒြာကျော်ဇင်က ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
‘’ ဒီဘက်ခေတ်ကျတော့ အောန်ဆိုင်း တို့၊ နန်းခေးမားတို့၊ M ဆိုင်းလု တို့ဆိုရင်အရမ်းမိုက်တယ်။ ပြီးတော့ သက်သက်သင်း တို့ ဆိုရင်လည်း တကယ် ကမ္ဘာအထိကိုရောက်တယ်ပေါ့နော်။ အဲဒီအတွက် အစ်မ အရမ်းကို ဂုဏ်ယူတယ်။ တကယ့်ကို အမိုက်စားမော်ဒယ်တွေကလည်း အခုနောက်ပိုင်းမှာ ပိုပြီးတော့ ထွက်လာတယ်ပေ့ါနော်’’ လို့ သူကဆိုပါတယ်။
Photo: Li John
အိန္ဒြာကျော်ဇင်က မော်ဒယ် ဘဝကို လွမ်းနေပေမယ့်လည်း ရှိုးလျှောက်ဖို့အတွက်တော့ စိတ်မပါတော့ဘူး ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
‘’အစ်မတို့ မော်ဒယ်လုပ်တုန်းကဆိုရင် ရှိုးပွဲတွေ အရမ်းလုပ်တယ်လေ။ ရှိုးလျှောက်တဲ့အခါတွေတိုင်းမှာလည်း အမြဲတမ်းပျော်ရတယ်။ အခုအသက်ကြီးသွားတဲ့အချိန်ကျတော့ သူများတွေ လျှောက်နေတာကို ကြည့်ရတာနဲ့တင် ကျေနပ်တာပေါ့နော်။ ကိုယ်ကိုယ်တိုင် လျှောက်မလားဆိုရင် လုံးဝ မလျှောက်ချင်တော့ဘူး’’ လို့ သူကဆိုပါတယ်။
Photo: Li John
အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးအဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။