နေတိုးနဲ့ နေခြည်ဦးတို့ ပထမဆုံးအကြိမ် အတူတွဲသရုပ်ဆောင်ရမယ့် ‘’အခမ်းနားဆုံး မေတ္တာ’’ ရုပ်ရှင်ဇာတ်ကားကြီးကို မေလအတွင်းမှာ ရိုက်ကူးတော့မှာဖြစ်ပါတယ်။

အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကို မေလ ၂ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် M3 Food Center မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒီဇာတ်ကား ထဲမှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကလည်း သူတိို့ရဲ့ ကာရိုက်တာလေးတွေ အကြောင်းကို မိတ်ဆက်ပြောပြခဲ့ပါတယ်။
‘’အခမ်းနားဆုံးမေတ္တာ’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေတိုးက နေခြည်ဦးနဲ့ ချစ်သူတွေအဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ နေတိုးရဲ့ကာရိုက်တာ အကြောင်းကိုလည်း ပြေပြခဲ့ပါသေးတယ်။
‘’ ဒီနေ့ ဇာတ်ကားကို ဒါရိုက်တာကတော့ လူငယ်အမျိုးသမီး ဒါရိုက်တာလေး ပွင့်သိင်္ဂီဇော်ပါ။ ကာရိုက်တာကတော့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင် ဒါလေးတွေကို ဒီဇာတ်ကားအမှာ မြင်တွေ့ရမှာပါ'' လို့ သူကဆိုပါတယ်။
အဲဒီနောက် နေခြည်ဦးကလည်း နေတိုးနဲ့ အတူ တွဲရိုက်ရမယ့် အချစ်ဇာတ်ကားလေးအတွက် ရင်ခုန်နေပြီလို့ မေလ ၂ ရက်နေ့ က ‘’အခမ်းနားဆုံးမေတ္တာ’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ဒီဇာတ်ကားကတော့ နေခြည့်အတွက် ကိုနေတိုးနဲ့ ပထမဆုံးရိုက်ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက မြင်နေကြမဟုတ်တဲ့ ပုံစံလေး အချစ်ဇာတ်ကားလေးပေါ့။ ကိုနေတိုးနဲ့ နေခြည်ရဲ့ ပထမဆုံး ဆုံစည်းမှုမှာ ဒီလိုကား ဆန်းဆန်းလေးလည်း ဖြစ်တဲ့အတွက် အရမ်းရင်ခုန်နေပါတယ်’’ လို့ ဆိုပါတယ်။
အဲဒီနောက် နေတိုး၊ နေခြည်ဦးတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမယ့် သူရိယ ကလည်း သူ့ရဲ့ ဇာတ်ရုပ်အကြောင်းကို မိတ်ဆက်ပြောပြလာပါတယ်။
‘’ဒီဇာတ်ကားမှာ ခမ်းနားတဲ့ အချစ်တွေကို မြင်ရမှာပေါ့နော်။ ဒီဇာတ်ကားထဲမှာ ကိုနေတိုးရဲ့ လက်ထောက်ပေါ့နော်။ ကိုနေတိုးနဲ့ နေခြည်ဦးနဲ့ ကြိုက်ကြတယ်၊ ကျွန်တော်တို့က ဘေးနားကနေ ပံ့ပိုးပေးကြတယ်ပေါ့။ ဒီဇာတ်ကားကို လက်ခံဖြစ်တာက ကျွန်တော်က သရုပ်ဆောင်ပဲလေ သရုပ်ဆောင် ဆိုတော့ လက်ခံရမှာပေါ့’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။