ချဲလ်ဆီးရဲ့ ဂျာစီစပွန်ဆာအဖြစ် စာချုပ်ချုပ်ဆိုထားတဲ့ Three ကလည်း လတ်တလော ချဲလ်ဆီးမှာဖြစ်ပေါ်နေတဲ့ အနေအထားတွေကြောင့် ချဲလ်ဆီးနဲ့ကြားက စပွန်ဆာစာချုပ်ကို ဖျက်သိမ်းဖို့ စဥ်းစားနေပြီလို့ သိရှိရပါတယ်။ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဒီကနေ့မှာပဲ ဗြိတိန်ဝန်ကြီးချုပ်က အရေးယူပိတ်ဆို့လိုက်တဲ့နောက် ချဲလ်ဆီးကို ဆက်တိုက်ဆိုသလို ဂြိုဟ်ဆိုးမွှေနေတာပါ။

ဒီကုမ္ပဏီဟာ Telecom ကုမ္ပဏီတခုဖြစ်ပြီး Three အပြင် ချဲလ်ဆီးရဲ့ အခြားသော ထိပ်သီးစပွန်ဆာကုမ္ပဏီတွေကလည်း ချဲလ်ဆီးနဲ့ ပတ်သက်တဲ့ အနာဂတ်အပေါ် အထူးအလေးထား သုံးသပ်နေကြပြီဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ချဲလ်ဆီးက အခွံသပ်သပ်သာရှိတဲ့ ဘောလုံးအသင်းဘဝကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့တာပါ။

အေဘရာမိုဗစ်ချ်အနေနဲ့ ချဲလ်ဆီးကို ရောင်းချခွင့်မရှိတော့သလို ကွင်းတွင်းအနေအထားနဲ့ ပတ်သက်လို့ ကစားသမား ဝယ်ယူရောင်းချခွင့်၊ ရှိပြီးသား ကစားသမားတွေကို သက်တမ်းတိုးခွင့်နဲ့ အသင်းပစ္စည်းတွေ ရောင်းချခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။ ဒီအထဲမှာ အသင်းအနေနဲ့ လက်မှတ်တွေ ထပ်မံရောင်းချခွင့်မရှိတော့ဘူးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
အဲ့ဒါကြောင့် တရာသီစာလက်မှတ်ဝယ်ယူထားပြီးဖြစ်တဲ့ ချဲလ်ဆီးပရိသတ်တွေကိုသာ လာမယ့်ပွဲစဥ်တွေမှာ မြင်တွေ့ရဖို့ရှိပါတယ်။ အသင်းကို လက်လွှဲရောင်းချခွင့်နဲ့ ပတ်သက်လို့တော့ ဗြိတိန်အစိုးရက နည်းလမ်းတခုအောက်ကနေ ခွင့်ပြုပေးဖွယ်ရှိပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကို ရောင်းချလို့ရရှိတဲ့ ငွေကြေးတွေက ရုရှားစစ်တပ်အတွက်ဖြစ်သွားနိုင်တာကိုလည်း တွက်ဆနေကြပါတယ်။
အေဘရာမိုဗစ်ချ်ဟာ ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ပူတင်ရဲ့သြဇာတည်မြဲဖို့ မလျော်ကန်တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့တဲ့နေရာမှာ အလိုတူ၊ အလိုပါအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး တကမ္ဘာလုံးက လက်မခံနိုင်တဲ့ ရုရှားတို့ရဲ့ ယူကရိန်းအပေါ်ကို ကျူးကျော်စစ်ဆင်နွှဲချိန်မှာ ဗြိတိန်ဒေသတွင်းက အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရတာဖြစ်ပြီး ချဲလ်ဆီးအပေါ်ကို ဆိုးဆိုးရွားရွား အကျိုးသက်ရောက်နေတာဖြစ်ပါတယ်။