ဘာစီလိုနာပရိသတ်တွေဟာ ဂီတာဖေးမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ခေါ်ယူမယ်ဆိုရင် အသင်းကို ဆက်လက်အားပေးမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်နေကြပါတယ်။ ဂရင်းဝုဒ်ဟာ ယူနိုက်တက် ကစားသမားဟောင်းဖြစ်ပြီး လက်ရှိ စပိန်မြေမှာတော့ တောက်ပနေတာပါ။

ပြီးခဲ့တဲ့နှစ်အတွင်းက အတူနေချစ်သူကို အနိုင်ကျင့် နှိပ်စက် ရိုက်နှက်မှုတွေကြောင့် တရားစွဲဆိုခံရတဲ့ ဂရင်းဝုဒ်ဟာ လက်ရှိမှာတော့ အမှုကနေ ကွင်းလုံးကျွတ် ကင်းလွတ်ခွင့် ရရှိပြီးပါပြီ။ အဲ့ဒီနောက်မှာ ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့ စီစဉ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဝန်ထမ်းတွေ၊ အမျိုးသမီးအသင်း ကစားသမားတွေနဲ့ ပရိသတ်အချို့က ကန့်ကွက်ခဲ့ကြပါတယ်။

လက်ရှိမှာ ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကြောင့် ဘာစီလိုနာအပါအဝင် လာလီဂါထိပ်တန်းအသင်းကြီးတွေက ဒီအင်္ဂလန်လူမျိုး တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာဟာ လာမယ့်အပြောင်းအရွှေ့တွေမှာ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ပိုမိုအရှိန်မြှင့် ကြိုးစားသွားမယ်လို့ သိရှိရပါတယ်။
ဘာစီလိုနာပရိသတ်တွေကတော့ “ငါ ဘာစီလိုနာကို ဆက်အားပေးမှာ မဟုတ်ဘူး” “ဂရင်းဝုဒ်ကိုသာ ခေါ်ယူလိုက်မယ်ဆိုရင် ဒီအသင်းနဲ့ ပတ်သက်တဲ့အရာအားလုံးကို ငါ ဆုံးရှုံးခံလိုက်မှာပါ” “ငါတို့ ဘာစီလိုနာရဲ့ တန်ဖိုးက ဘယ်ရောက်သွားမှာလဲ” လို့ အမျိုးမျိုး မှတ်ချက်ပြု ဝေဖန်ခဲ့ကြပါတယ်။