• ဂရင်းဝုဒ်နဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့အတည်ပြုထုတ်ပြန်

ဂရင်းဝုဒ် အာမခံနဲ့ ပြန်လွတ်လာတာပါ။

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတို့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယူနိုက်တက် လူငယ် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။

image

ပြီးခဲ့တဲ့တနင်္ဂနွေက ဂရင်းဝုဒ်ရဲ့ အတူနေချစ်သူ ဟာရစ်ရော့ဘ်ဆင်ရဲ့ သွေးထွက်သံယိုပုံရိပ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာပြီး နာရီပိုင်းအကြာမှာပဲ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က ဂရင်းဝုဒ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ ဂရင်းဝုဒ်ကို လူသတ်ရန်ကြိုးပမ်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ထပ်မံ စွဲချက်တင်ခဲ့ပါတယ်။

image

ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ဟာ ဂရင်းဝုဒ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ပုံမှန်ထက် အချိန်တိုးမြှင့်ရယူခဲ့ပြီး အခုချိန်မှာတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းဌာနက မိုက်ကီးဂန်းကလည်း ဒီသတင်းနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က အတည်ပြုပေးထားတယ်လို့ ထပ်ဆောင်းအတည်ပြုပေးခဲ့ပါတယ်။

အသက် (၂၀) အရွယ် ဂရင်းဝုဒ်ရဲ့လုပ်ရပ်တွေက ယူနိုက်တက်ဘက်တော်သားတွေအတွက် လုံးဝ လက်ခံနိုင်စရာမရှိခဲ့ဘဲ ရော်နယ်ဒို၊ ကာဗာနီ၊ ပေါ့ဘာတို့အပါအဝင် အသင်းဖော်အချင်းချင်း ဂရင်းဝုဒ်ကို ဆိုရှယ်မီဒီယာမှာ Unfollow လုပ်ခဲ့တဲ့ ကစားသမားတွေရှိခဲ့ပါတယ်။

ယူနိုက်တက်ဘက်ကလည်း ဂရင်းဝုဒ်ရဲ့ အကြမ်းဖက်မှုကို လက်သင့်မခံဘဲ ကိစ္စတွေရှင်းရှင်းလင်းလင်း ဖြစ်ချိန်၊ နောက်ထပ် ကြေညာချက် တစုံတရာ ထုတ်ပြန်ချိန်အထိ ဂရင်းဝုဒ်ကို လေ့ကျင့်ခန်းဆင်းခွင့်၊ ပွဲကစားခွင့် ရုပ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ တရားဝင်စတိုးဆိုင်တွေမှာရှိတဲ့ ဂရင်းဝုဒ်ရဲ့ အမှတ်တရပစ္စည်းတွေကိုလည်း ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။

ဂရင်းဝုဒ်နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုထားတဲ့ Nike ကလည်း ဂရင်းဝုဒ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဆိုင်းငံ့လိုက်ပြီး ဒီဖြစ်စဥ်အပေါ် အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ လတ်တလော စွဲချက်တင်ခံထားရတဲ့အမှုတွေအရတော့ ဂရင်းဝုဒ်တယောက် လွတ်လမ်းနည်းပါးပြီး သေချာပေါက် ထောင်ကျခံရမယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ 

Share

Loading Next Article...
က္က