တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD နဲ့ Huawei ဖုန်းကုမ္ပဏီတို့ ပူးပေါင်းပြီး HiCar system တစ်ခု ကြေညာခဲ့ပါတယ်။
HiCar system သစ်ကို HarmonyOS ကို အခြေခံပြီး Huawei ကနေ ထုတ်လုပ်ထားတာပါ။ ဒီနည်းပညာသစ်ဟာ Huawei ရဲ့ ကိုယ်ပိုင် OS စနစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဉာဏ်ရည်မြင့်ဆက်သွယ်မှု နည်းပညာတစ်ခု ဖြစ်ပြီး စမတ်ဖုန်းသုံးပြီး ကားတွေကို ထိန်းချုပ်နိုင်မှာပါ။ Huawei ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ဒီနည်းပညာကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Photo: Huawei Update
HiCar စနစ်ဟာ ဖုန်းမျက်နှာပြင်ကနေတစ်ဆင့် ကားအတွင်းပိုင်း အခြေအနေအားလုံးကို စစ်ဆေးနိုင်သလို ဖျော်ဖြေရေး apps တွေလည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာသစ်ကို BYD ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ကားဖြစ်တဲ့ Han အမှတ်တံဆိပ်ကားတွေမှာ ပထမဆုံး သုံးသွားမှာ ဖြစ်တယ်လို့ Huawei ရဲ့ စားသုံးသူစီးပွားရေးရာ အကြီးအကဲ ရစ်ချတ်ယုချန်တောင်က ဆိုပါတယ်။
"Apple ရဲ့ CarPlay နဲ့ ယှဉ်မယ်ဆိုရင် Huawei ရဲ့ HiCar ဟာ app ပိုပြီး ပါရှိပါတယ်။" လို့ ယုချန်တောင်က ဆိုပါတယ်။ Huawei အတွက် ဒါဟာ ကားတွေမှာ 5G Solutions ပထမဆုံးပေးတာလည်း ဖြစ်တယ်လို့ Gizmochina သတင်းမှာ ဆိုပါတယ်။
HiCar System ကို Audi ၊ BYD ၊ GAC နဲ့ BAIC အပါအဝင် ကားထုတ်လုပ်သူပေါင်း ၃၀ ကျော်ရဲ့ ကားမော်ဒယ် ၁၂၀ ကျော်မှာ သုံးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Huawei ဟာ BYD ကားကုမ္ပဏီနဲ့ ပူးပေါင်းပြီး Huawei P40 Han Custom Edition သစ်ကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီ Edition သစ် ဖုန်းရဲ့ ကျောဘက်ညာထောင့်မှာ Han ဆိုတဲ့ စကားလုံး ထည့်ပေးထားပါတယ်။
Huawei P40 Han Custom Edition ရဲ့ ဈေးနှုန်းနဲ့ ထွက်ရှိမယ့် ရက်ကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။