အမေရိကန်ကွန်ရက်တွေထဲမှ Huawei နဲ့ ZTE ပစ္စည်းအစိတ်အပိုင်းတွေကို ဖယ်ရှားပြီး အစားထိုးပါက ပြည်တွင်းတယ်လီကွန်းအော်ပရေတာများအတွက် ဒေါ်လာဘီလျံနဲ့ချီပြီး အကုန်အကျရှိမယ်လို့ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) မှ ခန့်မှန်းထားပါတယ်။
FCC ရဲ့ အစီရင်ခံစာသစ်ထဲမှာ Huawei နဲ့ ZTE အစိတ်အပိုင်းတွေကို ဖယ်ရှားမယ်ဆိုရင် တယ်လီကွန်းအော်ပရေတာငယ်များအတွက် ဒေါ်လာ ၁.၈ ဘီလျံခန့် ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီကုန်ကျစရိတ်ထဲက ဒေါ်လာ ၁.၆ ဘီလျံကျော်ဟာ နစ်နာကြေးအဖြစ် ပေးရဖို့ ရှိပြီး ကွန်ဂရက်ကလည်း လိုအပ်တဲ့ ရံပုံငွေချထားခြင်း မရှိသေးပါဘူး။

Photo: The Quint
နိုင်ငံ့လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် အမေရိကန်နိုင်ငံကွန်ရက်တွေထဲမှာ Huawei နဲ့ ZTE ပစ္စည်းအစိတ်အပိုင်း သုံးစွဲမှု ပိတ်ပင်ဖို့ လုပ်နေပေမယ့် အော်ပရေတာငယ်အများစုအတွက် ဒီပစ္စည်းတွေနေရာကို အစားထိုးဖို့အတွက် ကျသင့်မယ့် စရိတ်စကမြင့်မားနေပါတယ်။
အမေရိကန်ကျေးလက်တယ်လီကွန်းတစ်ခု ဖြစ်တဲ့ Eastern Oregon Telecom ရဲ့ CEO ဂျိုးဖရန်နဲလ်ရဲ့ အဆိုအရ ကုမ္ပဏီဟာ ဒေါ်လာ ၅ သိန်း တန်ဖိုးရှိတဲ့ Huawei ပစ္စည်းအစိတ်အပိုင်းတွေ သုံးထားတယ်လို့ ဆိုပါတယ်။ ဖောက်သည် ၄၀၀၀ ခန့်ကို အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဒီတယ်လီကွန်းအနေနဲ့ Huawei ပစ္စည်းတွေ ဖယ်ရှားပြီး အသစ်လဲလှယ်မယ်ဆိုရင် ဒေါ်လာ ၁.၅ သန်းခန့် ကုန်ကျနိုင်တယ်လို့လည်း The Verge ကို ဖရန်နဲလ်က ပြောပါတယ်။
FCC အနေနဲ့ Universal Service Fund (USF) အထောက်အပံ့ယူထားတဲ့ အော်ပရေတာတွေကို တရုတ်ကုမ္ပဏီတွေဆီက ပစ္စည်းဝယ်ယူထားရှိမှုကနေ ပိတ်ပင်ထားပါတယ်။ USF ရံပုံငွေဟာ ကျေးလက်အစွန်အဖျားဒေသတွေမှာ ကွန်ရက်လွှမ်းခြုံဖို့ အထောက်အပံ့ပေးသွားမှာပါ။
Photo: The Verge
လောလောဆယ် ကျေးလက်ဒေသတွေမှာ ဝန်ဆောင်မှုပေးနေတဲ့ အော်ပရေတာအများစုဟာ ဈေးနှုန်းချိုသာတဲ့ ZTE နဲ့ Huawei ပစ္စည်းတွေ သုံးနေတာပါ။ ဖေဖော်ဝါရီလထဲမှာ စုဆောင်းခဲ့တဲ့ FCC ရဲ့ အချက်အလက်တွေအရ အော်ပရေတာ ၅၀ ကျော်ဟာ သူတို့ကွန်ရက်မှာ Huawei နဲ့ ZTE ကုမ္ပဏီတွေဆီက ထုတ်ကုန်တွေ သုံးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလထဲမှာ သမ္မတထရမ့်ဟာ အမေရိကန်ကုမ္ပဏီများ Huawei နဲ့ ZTE တို့ရဲ့ ပစ္စည်းအစိတ်အပိုင်း ဝယ်ယူသုံးစွဲမှုမှ ပိတ်ပင်တဲ့ အမိန့်ညွှန်ကြားချက်တစ်ခု သက်တမ်းတိုးခဲ့ပါတယ်။ ဒီအမိန့်ဟာ လာမယ့်နှစ် မေလအထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။