ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်မိတ်ဆက်ခဲ့တဲ့ တန်ဖိုးမြင့်တရုတ်လျှပ်စစ်ကား Avatr 11 ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီလို့ ဆိုပါတယ်။
Avatr 11 ဟာ တရုတ်ကားကုမ္ပဏီ Changan Automobile ၊ လစ်သီယံအိုင်ယွန်းဘက်ထရီထုတ်လုပ်သူ CATL နဲ့ စမတ်နည်းပညာကုမ္ပဏီ Huawei တို့ ပူးပေါင်းတီထွင်ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား ဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၃ ခုဟာ Avatr Technology နာမည်နဲ့ ကုမ္ပဏီတစ်ခု ထောင်ပြီး Avatr 11 နဲ့ Limited Edition မော်ဒယ် Avatr 011 တို့ကို ဩဂုတ်လ ၈ ရက်နေ့က တရားဝင် ဖြန့်ချိလိုက်တာပါ။

EP1 Platform နဲ့ အထောက်အပံ့ပေးထားတဲ့ Avatr 11 ဟာ ၄၈၈၀ မီလီမီတာ (၁၉၂ လက်မ) အရှည် ၊ ၁၉၇၀ (၇၇.၅ လက်မ) အကျယ် နဲ့ အမြင့်၁၆၀၁ မီလီမီတာ (၆၃ လက်မ) ရှိပြီး အရှေ့အနောက်ဘီး ဗဟိုချက်တွေအကြား အကွာအဝေး၂၉၇၅ မီလီမီတာ (၁၁၇ လက်မ) နဲ့ တည်ဆောက်ထားတာပါ။ ယာဉ်ကို မြင်းကောင်ရေအား 578hp ထွက်တဲ့ လျှပ်စစ်မော်တာတစ်စုံနဲ့ မောင်းနှင်ထားတာ ဖြစ်ပြီး ကရိုင်းရှပ်လည်အား 650Nm (ဘီးဝင်ရိုးကနေ တစ်ပေအကွာလီဗာပေါ် သက်ရောက်ပေါင်နှုန်း 479 lb-ft) ရှိပါတယ်။
ဒီမော်တာတွေကို Huawei ကနေ ထုတ်လုပ်ပေးတာ ဖြစ်ပြီး ရှေ့မောင်းဘီးအတွက် 265hp မြင်းကောင်ရေအားနဲ့ နောက်ဘီးမှာ 313hp မော်တာတို့ ပါရှိပါတယ်။ ဒီမော်တာတွေဟာ ပုံမှန် Standard မော်ဒယ်ကားတွေမှာ 90.38 KWh ဘက်ထရီပါဝါနဲ့ မောင်းနှင်ပြီး ဈေးပိုမြင့်တဲ့ Flagship မော်ဒယ်တွေမှာ 116.79 KWh ဘက်ထရီကနေ စွမ်းအင်ယူပါတယ်။ Avatr 11 ဟာ စပြီး တာထွက်မှာ ၃.၉၈ စက္ကန့်အတွင်း တစ်နာရီကီလို ၁၀၀ နှုန်း နဲ့ မောင်းထွက်နိုင်ပြီး Top Speed ကီလို ၂၀၀ အထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။
90.38 kWh ဘက်ထရီမော်ဒယ်ဟာ ၅၅၅ ကီလိုမီတာ (၃၄၅ မိုင်) အထိ တောက်လျှောက် မောင်းနှင်နိုင်ပြီး 116.79 kWh တပ်ထားတဲ့ Avatr 11 မော်ဒယ်တွေဟာ ကီလို ၆၈၀ (၄၂၂ မိုင်) အထိ မောင်းနှင်နိုင်မှာပါ။ Car News China သတင်းအရ Avatr ရဲ့ ဒီလျှပ်စစ် SUV ယာဉ်ဟာ 240 kW အားသွင်းစနစ်လည်း အထောက်အပံ့ပေးထားတာကြောင့် ၁၀ မိနစ်အားသွင်းလိုက်တာနဲ့ ကီလို ၂၀၀ (၁၂၄မိုင်)အထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။
အတွင်းပိုင်းနည်းပညာတွေအနေနဲ့ LiDARS ထောက်လှမ်းရေးစနစ် ၃ မျိုး ၊ မီလီမီတာလှိုင်းတိုထောက်လှမ်းရေး ရေဒါ ၆ ခု ၊ အသံအောက်ရေဒါလှိုင်း ၁၂ ခု ၊ ကင်မရာ ၁၃ လုံး ၊ အဝေးပြေးလမ်းနဲ့ လမ်းသွယ်တွေမှာ ယာဉ်ကူမောင်းစနစ်တွေအပါအဝင် အဆင့်မြင့်အာရုံခံ Sensor ပေါင်း ၃၄ မျိုး ပါတဲ့ ဉာဏ်ရည်မြင့် မောင်းနှင်ရေးစနစ်တစ်ခုပါရှိပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက လမ်းရွေးကူညီတဲ့ စနစ် ၊ မီးပွိုင့်တွေကို မှတ်သိစနစ် နဲ့ လမ်းသွားလမ်းလာတွေကို ထောက်လှမ်းသိရှိနိုင်တဲ့ နည်းပညာတွေ သုံးလာတာပဲ ဖြစ်ပါတယ်။ အတွင်းခန်းမှာ ၁၀.၂၅ လက်မ ဒီဂျစ်တယ် အချက်အလက်ပြစနစ် ၊ ၁၅.၆ လက်မဆိုဒ် သတင်းအချက်အလက်ဖျော်ဖြေရေး Screen တစ်ခုနဲ့ ၁၀.၂၅ လက်မရှိတဲ့ ခရီးသည်အတွက် Display တစ်ခုတို့လည်း Dashboard မှာ တပ်ဆင်ထားပါတယ်။
ဒီနည်းပညာတွေအားလုံးကို Huawei ရဲ့ HarmonyOS ဆော့ဖ်ဝဲလ်နဲ့ မောင်းနှင်ထားတာ ဖြစ်ပါတယ်။ အတွင်းထဲမှာ ကြိုးမဲ့ Wireless Charging Pads နှစ်ခု ၊ လမ်းမပေါ်က ဆူညံသံတွေ စစ်ထုတ်ပေးတဲ့ စနစ် နဲ့ တိုက်ရိုက်အသံအဆင့်မြှင့်တင်တဲ့စနစ်တွေ ပါရှိတဲ့ စပီကာ ၁၄ လုံးတပ် အသံစနစ်တို့လည်း ပါရှိပါတယ်။ Avatr 11 ကို ၄ ယောက်စီး နဲ့ ငါးယောက်စီး မော်ဒယ်တွေ ရွေးချယ် ဝယ်ယူနိုင်ပြီး ယာဉ်အတွင်းခန်းတစ်ခုလုံးကို NAPPA လယ်သာသားရေသုံးပြီး ဖွဲ့စည်းထားတာပါ။
Avatr 11 90.38 ကို ဒေသတွင်းဈေး ယွမ် ၃၄၉၉၀၀ (မြန်မာငွေ သိန်း ၁၁၀၀ ခန့်) ဈေး နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး 116.79 kWh ဗားရှင်းကို ယွမ် ၄၀၉၉၀၀ (မြန်မာငွေ သိန်း ၁၃၀၀ နီးပါး) ခန့် ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ အနက်ရောင်တစ်မျိုုးတည်းနဲ့ လာပြီး အစီးရေ ၅၀၀ ပဲ ထုတ်လုပ်ရောင်းချသွားမယ့် Avatr 011 ယာဉ်ကိုတော့ ယွမ် ၆ သိန်း ( မြန်မာငွေ သိန်း ၁၈၇၀ ကျော်) ဈေး သတ်မှတ်ထားပါတယ်။