သိန်းသန်းဝင်းကို မြန်မာ့လက်ရွေးစင်နည်းပြချုပ်သစ် ရာဂျူလိုဗစ်က လက်ရွေးစင်အဖြစ် ရွေးချယ်ခဲ့သလို ကျော်ကိုကိုနဲ့သန်းထက်အောင်လည်း ပါဝင်လာခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ဘယ်နောက်ခံလူ သိန်းသန်းဝင်းအနေနဲ့ ထိုင်းလိဂ်(၁)ကလပ် ရက်ချာဘူရီအသင်းနဲ့ အငှား စာချုပ်မပြည့်ခင်မှာပဲ မနေ့က မေလ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။
သိန်းသန်းဝင်းအနေနဲ့ ရတနာပုံအသင်းကနေ အငှားသွားရောက်ကစားတာကြောင့်လည်း လက်ရှိမှာ ရတနာပုံ အသင်းက ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ကစတင်ပြီး အသင်းမှာပြန်လည်ခေါ်ယူခဲ့ပြီလို့လည်း သတင်းထုတ်ပြန်လာပါတယ်။

အခုလိုမျိုး ထိုင်းလိဂ်မှာ စာချုပ်မပြည့်ခင် ဖျက်သိမ်းခဲ့တာကတော့ မြန်မာဘောလုံးသမားတွေထဲမှာ ပထမဆုံး အဖြစ်အပျက်လည်း ဖြစ်လာခဲ့ပေမယ့် မနေ့က ထုတ်ပြန်ခဲ့တဲ့ စင်ကာပူနဲ့ ခြေစမ်းမယ့် မြန်မာ့လက်ရွေးစင်အ သင်း လူစာရင်းမှာတော့ နည်းပြ ရာဂျူလိုဗစ်က သိန်းသန်းဝင်းကို ရွေးချယ်ထားပါတယ်။
“ အခုလိုမျိုးအသင်းမှာ ခြေစွမ်းပြခွင့်မရလိုက်တဲ့အတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်၊ ရှေ့လာမယ့် အနာ ဂတ်မှာ အခုထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ပါစေ၊ပြသနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ မြန်မာ့ လက်ရွေးစင်အသင်းမှာလည်း အတူတကွ ပြန်ကစားပြီး အကောင်းဆုံး ခြေစွမ်းတွေနဲ့ စင်ကာပူကို အနိုင်ကစားပါမယ်။” လို့ ထိုင်းလိဂ်(၂)ကလပ် ဆာမတ်ဆာခွန်အသင်းမှာကစားနေတဲ့ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းထက်အောင်က ကစားဖော် သိန်းသန်းဝင်းကို Duwun Sportsကတဆင့် ပြောခဲ့ပါတယ်။
သိန်းသန်းဝင်းအနေနဲ့ ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ဘယ်နောက်ခံနေရာမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့လို့ ရက်ချာဘူရီအသင်းက ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အငှားသွားကစားရာမှာတော့ စီနီယာ အသင်းနဲ့ ကစားခွင့်မရ ခဲ့ပဲ လူငယ်အသင်းနဲ့သာ ကစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။
“ သိန်းသန်းဝင်းက တကယ်ကောင်းမွန်တဲ့ နောက်ခံလူ တစ်ယောက်ပါ။ကျွန်တော့်ဘဝမှာ သူ့ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်၊သူက တကယ်ကို ဖြတ်ကျော်ရခက်ခဲတဲ့ နောက်တန်း ကစားသမားတစ်ဦးပါ။နောက်တန်း တင်မဟုတ်ပဲ တိုက်စစ်ကိုပါ လိုက်ပါကစားနိုင်သူလည်း ဖြစ်ပါတယ်။ အခုကတော့ ကံမကောင်းစွာနဲ့ပဲ အသင်းနဲ့ အဆင်မပြေဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဆက်လက်ဖြတ်သန်းရမယ့် ဘောလုံးသမားဘဝမှာ အခုထက်ပိုမို တဲ့ အောင်မြင်မှုတွေရလာဦးမှာပါ။ရလာမယ်လို့လည်း ယုံကြည်ပါတယ်။” လို့ ထိုင်းလိဂ်(၁)ကလပ် ဆာမတ်ပရာ ကန်အသင်းမှာ ကစားနေတဲ့ တကျော့ပြန် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုကလည်း နှစ်သိမ့်အား ပေးစကားပြောခဲ့ပါသေးတယ်။
ကျော်ကိုကိုအနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ မကာအိုနဲ့ ကစားခဲ့တဲ့ ၂၀၁၈ အာရှဖလား ခြေစစ်ပွဲ နောက်ပိုင်း မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ဝေးကွာနေခဲ့တာ ဖြစ်ပြီး အခုအခါ စင်ကာပူနဲ့ ခြေစမ်းမယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ တကျော့ပြန် ရွေးချယ်ခံလာရတာ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်ကို လာမယ့် ဇွန် ၃ ရက်နေ့မှာ ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။