• Featured

    သိုးအကောင်ရေ ၁၄,၀၀၀ ကျော် တင်ဆောင်လာတဲ့သင်္ဘော ရိုမေးနီးယားကမ်းလွန်မှာ တိမ်းမှောက်

ဆော်ဒီအာရေဗျသို့ ဦးတည်ခုတ်မောင်းသွားနေတဲ့ ကုန်တင်သင်္ဘော ဖြစ်ပါတယ်။

သိုးအကောင်ရေ ၁၄,၆၀၀ တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောကြီးတစ်စီး ရိုမေးနီးယားကမ်းလွန် ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့ရာ များပြားလှတဲ့ သိုးတွေကို ကယ်ဆယ်နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေခဲ့ရတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

image

(Photo: AFP)

Queen Hind အမည်ရှိ ကုန်တင်သင်္ဘောဟာ ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်) က ရိုမေးနီးယားနိုင်ငံ မစ်ဒီယာဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် မကြာမီမှာပင် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောတိမ်းမှောက်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ သင်္ဘောတိမ်းမှောက်ပြီး မကြာမီမှာ ဆီးရီးယားလူမျိုး သင်္ဘောအမှုထမ်း ၂၂ ဦးကို သိုး ၃၂ ကောင်နဲ့အတူ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

"ကယ်ဆယ်ရေးလုပ်နေတုန်းပါပဲ၊ သင်္ဘောထဲမှာရှိနေတဲ့ သိုးတွေ အသက်ရှင်နေအုံးမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်" လို့ ကယ်ဆယ်ရေးအဖွဲ့မှ ပြောခွင့်ရအမျိုးသမီး အန်နာမာရီယာစတွိုင်ကာက AFP သတင်းဌာနကို ပြောပါတယ်။ အဆိုပါ ကုန်တင်သင်္ဘောဟာ ဆော်ဒီအာရေဗျနိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားနေခဲ့တာ ဖြစ်ပါတယ်။

(Photo: Isu Constanta)

သိုးအကောင်ရေ အချို့ဟာ ကုန်တင်သင်္ဘောအနီး ပင်လယ်ပြင်မှာ ကူးခတ်နေတာတွေ့ရပြီး ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အများအပြား ရေနစ်သေဆုံးခဲ့နိုင်ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ သင်္ဘောတိမ်းမှောက်စဥ် ပင်လယ်ထဲသို့ကျသွားတဲ့ သင်္ဘောအမှုထမ်းတစ်ဦးကို အလျင်အမြန် ကယ်ဆယ်ခဲ့ပြီး ကိုယ်အပူရှိန် အလွန်အမင်း ကျဆင်းနေမှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Isu Constanta)

တိမ်းမှောက်ခဲ့တဲ့ ကုန်တင်သင်္ဘောဟာ လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်မှ မစ်ဒီယာဆိပ်ကမ်းသို့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ရိုမေးနီးယားမီဒီယာက ပြောပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့တဲ့ Queen Hind ကုန်တင်သင်္ဘောဟာ ၂၇၈ ပေရှည်လျားပြီး တန်ချိန် ၃,၇၈၅ သယ်ဆောင်ခုတ်မောင်းနိုင်ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က