ထိုင်းနိုင်ငံမှာ ပလတ်စတစ်အိတ်နဲ့ အခြားအမှိုက်တွေ စားမိခဲ့ပြီးနောက် သေဆုံးနေတဲ့ သမင်တစ်ကောင်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောပါတယ်။

(Photo: AFP)
ဘန်ကောက်မြို့ရဲ့မြောက်ဘက် ၃၉၁ မိုင်ခန့်အကွာ နန်ခရိုင်အတွင်းရှိ အမျိုးသားဥယျာဥ်တစ်ခုမှာ အဆိုပါသမင် သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ သေဆုံးနေတဲ့ အသက် ၁၀ နှစ်အရွယ် သမင်ရဲ့အစာအိမ်အတွင်း ပလတ်စတစ်အိတ်များကို တွေ့ခဲ့ရကြောင်းနဲ့ သမင်သေဆုံးရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ခွန်ဆာသန် (Khun Sathan) အမျိုးသားဥယျာဥ်မှ တာဝန်ရှိသူ Kriangsak Thanompun က ပြောပါတယ်။

(Photo: AFP)
သမင်ရဲ့အစာအိမ်အတွင်း ကော်ဖီမှုန့်ပါရှိတဲ့အိတ်များ၊ အသင့်စားခေါက်ဆွဲထုတ်များ၊ အမှိုက်အိတ်များ၊ မျက်နှာသုတ်ပဝါနဲ့ အတွင်းခံထည့်တဲ့အိတ်များကို တွေ့ရပြီး အလေးချိန် ၁၅.၄ ပေါင်ရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ပလတ်စတစ်အသုံးအများဆုံး ကမ္ဘာ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်နိုင်ငံသားတစ်ဦးက လမ်းဘေးအစားအစာ ထုပ်ပိုးရန်၊ ကော်ဖီ သို့မဟုတ် စားသောက်ကုန်များ ထုပ်ပိုးသယ်ဆောင်ရန်အတွက် တစ်နှစ်လျှင် တစ်ခါသုံးပလတ်စတစ်အိတ် ၃,၀၀၀ အထိ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
(Photo: AFP)
လိပ်များနဲ့ ရေဝက်များကဲ့သို့ ရေနေတိရိစ္ဆာန်တွေဟာ အမှိုက်သရိုက်ပြည့်နေတဲ့ ထိုင်းရေပြင်မှာ သေဆုံးနေကြပြီး အလောင်းတွေကို ခွဲစိတ်စစ်ဆေးကြည့်ရာမှာ အစာအိမ်အတွင်းရှိ ပလတ်စတစ်အမှိုက်တွေကြောင့် သေဆုံးခဲ့ရကြောင်း ကောက်ချက်ချနိုင်ခဲ့ပါတယ်။ ယခုလတ်တလော တွေ့ရှိရတဲ့ ပလတ်စတစ်အိတ်များမျိုချမိပြီး သမင်တစ်ကောင် သေဆုံးနေမှုက ထိုင်းမှာ ပလတ်စတစ်အမှိုက်တွေဟာ ကုန်းနေတိရိစ္ဆာန်တွေကိုပါ အန္တရာယ်ရှိနေပြီလို့ သတိပေးမှုဖြစ်လာကြောင်း AFP သတင်းက ဖော်ပြပါတယ်။