မြန်မာ - တရုတ် နယ်စပ်ဂိတ်ဖြစ်တဲ့ ကန်ပိုက်တီ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကိုသွားဖို့စောင့်ဆိုင်းနေတဲ့ တစ်သျှုးငှက်ပျော ကုန်တင်ကားတွေ ရာနဲ့ချီ ပြီးရှိနေတယ်လို့ သိရပါတယ်။
ကန်ပိုက်တီနယ်စပ်ဂိတ်ကို ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက ဖွင့်လှစ်မယ်ဆိုပြီး နှစ်နိုင်ငံ သဘောတူညီမှုရှိခဲ့ကြောင်း၊ ဒါပေမယ့်လက်ရှိအချိန်ထိ မဖွင့်နိုင်သေးတာကြောင့် ကုန်ကားတွေဟာ ငှက်ပျောခြံတွေထဲမှာပဲ ပိတ်မိနေတာဖြစ်ပါတယ်။
" ဖွင့်မယ်ပြောပြီးမှ တရုတ်ဘက်က ကိုဗစ် အစီအမံတွေကို လုပ်နေတယ်ဆိုပြီးခုထိမဖွင့်နိုင်သေးဘူး၊ တစ်သျူးငှက်ပျောကားတွေရော၊တခြားကုန်ပစ္စည်းတင်လာတဲ့ကားတွေရောအကုန်ပိတ်မိနေတာပေါ့။ဘယ်နေ့ဖွင့်မယ်ကိုထပ်မသိရဘူး။ ပိတ်တာကြာတော့ ကြားထဲစားဝတ်နေရေးက အခက်အခဲလည်းဖြစ်နေတယ် " လို့ ကုန်ကားမောင်းသူ တစ်ဦးက ပြောပါတယ်။
တရုတ်ဘက်ကိုသွားဖို့ စောင့်ဆိုင်းနေရတာ ၁၀ ရက်လောက်ရှိနေပြီဖြစ်ပြီး တစ်သျှူးငှက်ပျောတင်ဆောင်ထားပြီးဖြစ်တဲ့ကားတွေပေါ်ကငှက်ပျောတွေကတော့ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။
" ဂိတ်ဖွင့်မယ်ဆိုတော့ကားတွေတက်လာကြတာ။ အခုမဖွင့်သေးတော့ ဆိုက်ထဲမှာပိတ်မိနေတာ။ ငှက်ပျောခြံတွေလည်း ကြိုခုတ်ထားကြတော့ တချို့ဆိုပျက်စီးကုန်ပြီ။ မကြာခင် တရုတ်နှစ်သစ်ကူးကရောက်တော့မယ်။ အဲဒီကျရင်လည်းတရုတ်ဘက်ကပိတ်တော့ အကုန်လုံး အဆင်မပြေတော့ ဘူး " လို့ ကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။
ဒါကြောင့် ကန်ပိုက်တီနယ်စပ်ဂိတ်ကို ခုရက်ပိုင်းအတွင်း အမြန်ဆုံး ဖွင့်လှစ်ပေးဖို့လိုအပ်ကြောင်း၊ အဲ့လိုမဟုတ်ပါက တရုတ်နှစ်သစ်ကူး ပိတ်ရက်နဲ့ တိုက်ပြီး အချိန်ပိုကြန့်ကြာပြီး ပစ္စည်းတွေ ပျက်စီး ဆုံးရှုံးမှု ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ကန်ပိုက်တီ ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ - တရုတ် တာဝန်ရှိသူတွေကတော့ ညှိနှိုင်းမှုတွေအကြိမ်ကြိမ် ပြုလုပ်နေပြီး စေ့စပ်ညှိနှိုင်းမှုတွေအရ ဂိတ်ပြန်ဖွင့်တဲ့အခါ မြန်မာယာဉ်မောင်းအယောက် ၅၀ဝကို ကိုဗစ် ၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးပြီး ကုန်တင်ယာဉ် အစီး ၅၀ဝ ကို တရုတ်နိုင်ငံကို ဝင်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။
ကန်ပိုက်တီနယ်စပ်ဂိတ်ကို ကိုဗစ်တတိယလှိုင်းဖြစ်တဲ့ ဇူလိုင် ၁၃ ရက်နေ့က စပြီးပိတ်ထားခဲ့တာဖြစ်ကြောင်းသိရပါတယ်။
Share