တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကနေ ကုန်သွယ် မှုလုပ်တဲ့အခါ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုခွင့်ပေးလိုက်ပေမယ့်လည်း နယ်စပ်ဂိတ်တွေပိတ် ထားမှုကြောင့် ကုန်သွယ်မှု အခြေအနေကနှောင့်နှေးနေဆဲဖြစ်တယ်လို့ သိရပါတယ် ။
အခုလို နှစ်နိုင်ငံကုန်သွယ်မှု မှာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ပေးချေခွင့်ပြုလိုက်သလို ၅လအကြာပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်ပေးစေချင်တယ်လို့ ကုန်သည် တွေကဆိုပါတယ်။
" တရုတ်ယွမ်ငွေ၊ကျပ်နဲ့ပဲတိုက်ရိုက်ပေးနိုင်တယ်ဆိုတော့အဆင်ပြေတာ ဟုတ်ပါတယ်။ဒါပေမယ့်ကုန်တွေပို့နေရာမှာ ကုန်စည်စီးဆင်းမှု ကောင်းနေမှ ပိုပြီးအကျိုးရှိမှာ၊ အခုက ကျင်စန်းကျော့ဂိတ်တခုတောင် ကွန်တိန်နာနဲ့ပို့နေရတာ၊ ပစ္စည်းအကုန်ပို့ခွင့်မရသေးဘူး။အဲဒီတော့ ကုန်စည်စီးဆင်းမှုကကြန့်ကြာနေတယ်။ ဂိတ်တွေအကုန်ပြန်ဖွင့်မှပိုအဆင်ပြေမယ် " လို့ မြန်မာကုန်သည်တစ်ဦးကပြောပါတယ်။
လက်ရှိ နယ်စပ်ဂိတ်တွေထဲမှာ ကျင်စန်းကျော့ဂိတ်တစ်ခုထဲကိုပဲ ပြန်လည်ဖွင့်လှစ်နေပေမယ့် အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ရနေပြီး ကျန်ဂိတ်အားလုံးကပိတ်ထားဆဲဖြစ်ပါတယ်။
ဗဟိုဘဏ်ကတော့ တရုတ် - မြန်မာနှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ဖို့၊ နှစ်နိုင်ငံငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေဖို့၊ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ဖို့အတွက် ရည်ရွယ်ပြီး နယ်စပ်ဒေသမှာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်တယ်လို့ ပြောဆိုထားပါတယ်။
ဓာတ်ပုံ - ကုန်ကားမောင်းသူတစ်ဦး
"တရုတ်ကို တရားဝင်ဆန်ရောင်းတဲ့အခါ နိုင်ငံတော်ကို အခွန်ဆောင်ရတယ်၊ ဆောင်တဲ့အခါ သတ်မှတ်ဈေးဆိုတာရှိတယ်၊သတ်မှတ်ဈေးဆိုတာက ဆန်တစ်တန်ကို ယွမ်ငွေ ၃၀၀၀ ရတယ် ဆိုပါစို့၊ အဲဒါကိုယွမ်ငွေနဲ့မသတ်မှတ်ဘူး အမေရိကန်ဒေါ်လာ နဲ့သတ်မှတ်ပြီးမှ ဗဟိုဘဏ်ရဲ့သတ်မှတ်ဈေးနဲ့ကျပ်ငွေ လဲပြီးပေးဆောင်ရတာ။အရင်စနစ်ပေါ့။အခုကတော့ အဲဒီလိုမဟုတ်တော့ဘူး။ ယွမ် ကျပ် တိုက်ရိုက်ပေးလို့ရပြီ။ဒေါ်လာလဲဖို့မလိုတော့ဘူး " လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ် ။
ယွမ် ကျပ်တိုက်ရိုက်ပေးချေခွင့်ပြုလိုက်တာသည် အမေရိကန် ဒေါ်လာသုံးစွဲမှုကိုလျော့ချပြီး ၊ ဒေါ်လာဈေး မြင့်တက်မှုကို ထိန်းသိမ်းချင်တာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကိုတော့ ဆောင်ရွက်ခွင့်ရတဲ့ Designated Bank တွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်နဲ့ ချိတ်ဆက်ပြီး Bank of China - BOC (Hong Kong) ရန်ကုန်ရုံးခွဲနဲ့ Industrial and Commercial Bank of China (ICBO) တို့မှာ နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မယ့်သွင်းကုန်တင်သွင်းသူတွေနဲ့ပို့ကုန်တင်ပိုသူတွေရဲ့ ယွမ်စာရင်းဖွင့်ခွင့်ပြုထားပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှာ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ပေးချေခွင့်ပြုလိုက်ကြောင်းကိုတော့ ဗဟိုဘဏ်က မနေ့က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်ခဲ့တာပဲဖြစ်ပြီး၊တရုတ်ယွမ်ငွေကို တရားဝင်ရောင်းချခွင့်ပြုကြောင်းကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာဗဟိုဘဏ်က ကြေငြာခဲ့တာဖြစ်ပါတယ်။
Share