ကမ္ဘာကျော် ဂျာမန်ကားကုမ္ပဏီ BMW ကနေ လာ့စ်ဗီးဂတ်စ် CES ပွဲမှာ အမိုက်စားကားနည်းပညာတစ်မျိုး ထုတ်ဖော်ပြသသွားပါတယ်။
CES 2022 ပွဲမှာ BMW ဟာ အီလက်ထရိုဖိုရက်တစ်နည်းပညာ အကူအညီနဲ့ ကားဘော်ဒီကာလာကို ချက်ချင်း ပြောင်းပေးနိုင်မယ့် လျှပ်စစ် SUV နမူနာကားမော်ဒယ်တစ်မျိုးကို ကြေညာသွားတာပါ။ BMW ရဲ့ ကာလာပြောင်းနိုင်တဲ့ Concept ကားနမူနာကို iX Flow လို့ နာမည်ပေးထားပြီး ကားမျက်နှာပြင်ပေါ်မှာ မတူတဲ့ကာလာခြယ်ပစ္စည်းလေးတွေ ပါတဲ့ အထူးအလွှာတစ်ခု ပါရှိပါတယ်။

Photo: bmwblog
E Ink ထဲမှာ ပါတဲ့ လျှပ်စစ်ဓါတ်အားနဲ့ အရောင်ပြောင်းပေးနိုင်တဲ့ Color-Changing Effect ကြောင့် ကားရဲ့ အရှေ့အနောက် ဘေးတစ်လျှောက်တွေမှာ အရောင်တွေ ပြောင်းပေးသွားမှာပါ။ E Ink နည်းပညာကြောင့် အဓိကအကျိုးများတဲ့ အပိုင်း နှစ်ခု ရှိလာပါတယ်။ တစ်ခုက စိတ်ကြိုက် ကိုယ်လိုသလို Customize လုပ်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရဲ့ အစွမ်းကြောင့် ကားပိုင်ရှင်တွေဟာ ကားဘော်ဒီဆေးအလှဆင်တဲ့ ဆိုင်တွေ သွားပြီး အရောင်သစ် သုတ်စရာမလိုဘဲ ကိုယ့်စိတ်ကြိုက်အလွယ်တကူ ကားအရောင်ပြောင်းနိုင်တာပဲ ဖြစ်ပါတယ်။
ကားအရောင်ကို ပြောင်းတာဟာ ကားစီးသူရဲ့ စိတ်ခံစားချက်ပါ ပြောင်းလဲလာနိုင်တယ်လို့ iX Flow ပရောဂျက်မန်နေဂျာစတယ်လာ ကလာ့ခ်က ပြောပါတယ်။ "နေ့စဉ်ဘဝမှာ ကားဟာ ကွဲပြားခြားနားတဲ့ စိတ်ခံစားချက်နဲ့ အခြေအနေအချိန်အခါ ဖော်ပြချက်တစ်ခု ဖြစ်လာပါတယ်။" လို့ ကလာ့ခ်က ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ BMW iX Flow ကားမှာ အနက် ၊ အဖြူနဲ့ မီးခိုးရောင်တွေပဲ ပြောင်းပေးနိုင်စွမ်း ရှိဦးမှာပါ။
နောက်ထပ် အကျိုးကျေးဇူးများတဲ့အပိုင်းတစ်ခုက လက်တွေ့ဘဝမှာ အသုံးတည့်မှုပဲ ဖြစ်ပါတယ်။ ရာသီဥတု ပူပြင်းတဲ့ နွေဘက်တွေမှာ အဖြူရောင်ကားဟာ အနက်ရောင်ကားတွေထက် နေရောင်ကို ပိုရောင်ပြန်ဟပ်နိုင်လို့ ပိုပြီး အေးပါတယ်။ ဆောင်းတွင်းလို အေးမြတဲ့ရာသီတွေမှာဆို အနက်ရောင်ကားတွေက နေရောင်ပိုစုပ်နိုင်လို့ ပိုပြီး ပူနွေးပါတယ်။ BMW iX Flow ရဲ့ ကားအရောင်ပြောင်းနိုင်စွမ်းဟာ ရာသီအလိုက်အရောင်ပြောင်းပေးနိုင်လို့ အအေးပေးစက်နဲ့ Heater လို အပူပေးစက်တွေ သုံးစွဲမှုကို အတော်အသင့် လျှော့ချပေးနိုင်ဖို့ ရှိပါတယ်။
လောလောဆယ်မှာတော့ E Ink နည်းပညာကို e-Reader တက်ဘလက်လိုမျိုး ထုတ်ကုန်တွေမှာ သုံးနေကြပါတယ်။ တချိန်မှာ BMW ရဲ့ E Ink အရောင်ပြောင်းနည်းပညာသုံး iX Flow Concept ကားတွေလည်း ဈေးကွက်ထဲမှာ ဝင်ရောက်လာဖို့ ရှိပါတယ်။