စပါးနည်းပြကွန်တီဟာ ဒီကနေ့ည ကစားမယ့် မာဆေးလ်နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲ အဝေးကွင်းပွဲမှာ ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့်ရရှိမှာ မဟုတ်ကြောင်း သိရှိရပါတယ်။ ကွန်တီဟာ နောက်ဆုံးကစားခဲ့တဲ့ စပါးနဲ့ စပို့တင်းတို့ရဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲမှာ အနီကတ်ထိခဲ့တာပါ။

တဂိုးစီသရေကျခဲ့တဲ့ အဆိုပါပွဲမှာ စပါးတို့ နောက်ဆုံးမိနစ်မှာ ဟယ်ရီကိန်းရဲ့အနိုင်ဂိုးကို ရရှိခဲ့ပေမယ့် VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့တာကြောင့် ကွန်တီတယောက် အကြီးအကျယ် ပေါက်ကွဲခဲ့ပြီး အနီကတ်ထိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အုပ်စုတက်ရေးအရေးပါတဲ့ ပြင်သစ်မြေကပွဲကို ကွန်တီတယောက် ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။

စပါးဟာ လက်ရှိအချိန်မှာ ရမှတ် (၈) မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပေမယ့် နောက်တဆင့်ကို တက်ရောက်ဖို့ မသေချာသေးတဲ့အနေအထားပါ။ ဒါ့အပြင် အုပ်စု နောက်ဆုံးက မာဆေးလ်နဲ့ စပါးအကြား ရမှတ်ကွာဟချက်ကလည်း (၂) မှတ်သာရှိတာကြောင့် ဒီအုပ်စုအပေါ် ပရိသတ်တွေက အထူးစိတ်ဝင်စားနေပါတယ်။
တိုက်ဆိုင်စွာနဲ့ပဲ ကွန်တီကတော့ ဒီပွဲကို ကွင်းဘေးစည်းက ကြီးကြပ်နိုင်တော့မှာမဟုတ်ဘဲ ပွဲမတိုင်ခင်မှာ ကစားသမားတွေကို အသင်းဘတ်စ်ကားပေါ်မှာပဲ လိုအပ်တာတွေ မှာကြားရတော့မှာပါ။ ကွန်တီဟာ သာမန်အားဖြင့် သူ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ပွဲကို သီးသန့်ဘတ်စ်ကားနဲ့ သွားရောက်လေ့ရှိသူတယောက်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကနေ့ညမှာတော့ ဘတ်စ်ကားပေါ်မှာပဲ ကစားသမားတွေနဲ့အတူ ပူးပေါင်းဖို့ရှိပြီး ဒီအချက်က အသင်းကို ပွဲချိန်အတွင်းမှာ အတိုင်းအတာတခုအထိ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ မာဆေးလ်နဲ့ စပါးပွဲအပြင် တဖက်မှာလည်း ဖရန့်ဖတ်နဲ့ စပို့တင်းတို့နှစ်သင်းဟာ ရမှတ် (၇) မှတ်စီ အနေအထားနဲ့ နောက်တဆင့်ကို တက်ရောက်ခွင့်ရဖို့အတွက် ရေကုန်ရေခမ်း ယှဥ်ပြိုင်ရဦးမှာလည်း ဖြစ်ပါတယ်။