ဘရိုက်တန်က ဒီပွဲမှာ ရော်ဘတ်ဆန်းချက်ဇ်၊ ကူရယ်လ်လာ၊ လမ့်တေး၊ ဘစ်ဆိုမာ၊ မော်ပေး၊ ထရိုဆက်၊ အယ်လစ်စတာတို့ကို အဓိကအမာခံထားပြီး ပွဲထုတ်ခဲ့ပါတယ်။ ဘရိုက်တန်က နောက်ဆုံးလေးပွဲဆက် ရှုံးထားတာဖြစ်ပြီး လီဗာပူးကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ချန်ပီယံဆုအတွက် မန်စီးတီးကို ဖိအားပေးဖို့ လိုအပ်နေတဲ့ လီဗာပူးကလည်း တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဒီယက်ဇ်၊ ကွင်းလယ်မှာ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ ကီတာ၊ နောက်တန်းမှာ အာနိုးလ်၊ မာတစ်ပ်၊ ဗန်ဒိုက်ချ်၊ ရော်ဘတ်ဆန်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ ပွဲထွက်ခဲ့ပါတယ်။

ပွဲစတာနဲ့ အိမ်ရှင်ဘရိုက်တန်က ဖိအားပေးခဲ့ပြီး မော်ပေးရဲ့ ကန်ချက်တကြိမ် ဂိုးဘေးကပ်ထွက်ခဲ့သလို ထရိုဆက်ရဲ့ ကန်ချက်ကလည်း အားပျော့ခဲ့ပါတယ်။ မာနေး အပိုင်အခွင့်အရေးတကြိမ်ရခဲ့ပေမယ့် ဘရိုက်တန်ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး စောစောစီးစီး သွင်းဂိုးတွေနဲ့ ဝေးကွာခဲ့ရပါတယ်။
လီဗာပူးတို့ပွဲကို တဖြည်းဖြည်းစီးလာပြီး ပွဲကစားချိန် (၁၈) မိနစ်မှာတော့ နောက်ခံလူ မာတစ်ပ်ရဲ့ Lob Pass ကို ဒီယက်ဇ်က လူကျွံထောင်ချောက်ဖောက်ထွက်ပြီး အနာခံခေါင်းတိုက်သွင်းပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ရော်ဘတ်ဆန်းချက်ဇ်ကို အနီကတ်ပြဖို့ VAR ပြန်ကြည့်ခဲ့ပေမယ့် အနီကတ်ပြသခဲ့ခြင်းမရှိပါဘူး။ ဆန်းချက်ဇ်ရဲ့ဝင်ရောက်ပုံက တော်တော်လေး ကြမ်းတမ်းတယ်ဆိုနိုင်ပြီး ဒီယက်ဇ်ရဲ့ခေါင်းကို ခြေထောက်နဲ့ ကန်ခဲ့မိတဲ့အထိဖြစ်ခဲ့တာပါ။
ဒါကို အနီကတ်မပြတဲ့အပေါ်မှာလည်း ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ နောက်ပိုင်းမှာ ဆာလာ၊ မာနေးတို့ အခွင့်အရေးရခဲ့ပေမယ့် ဂိုးကံခေတာ၊ တကိုယ်ကောင်းဆန်တာတွေကြောင့် ပထမပိုင်းမှာ လီဗာပူးတို့ တဂိုးအသာနဲ့ပဲ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးတို့ အခွင့်အရေးရခဲ့ပေမယ့် ဆာလာဂိုးကံခေခဲ့ပါတယ်။
ဒါပေမယ့် လက်ထိဘောကတဆင့် လီဗာပူးတို့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို ဆာလာက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းလုံး အခွင့်အရေးတွေထပ်ရခဲ့ပေမယ့် ဂိုးထပ်မရခဲ့ဘဲ လီဗာပူးက အဝေးကွင်းမှာ နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။