• ချန်ပီယံဆုအတွက်အမှားမခံဘဲ စွာပါတယ်ဆိုတဲ့နယူးကာဆယ်ကို လီဗာပူးအနိုင်ကန်

ကီတာရဲ့တလုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။

ပွဲကျပ်တွေများနေတဲ့ကြားထဲမှာ ကလော့ပ်က အဓိက,ကစားသမားအချို့ကို အနားပေးခဲ့ပါတယ်။ ဆာလာ၊ အာနိုးလ်နှစ်ယောက်လုံး အရံခုံမှာပဲရှိနေခဲ့ပြီး တိုက်စစ်မှာ ဒီယက်ဇ်၊ မာနေး၊ ဂျိုတာတို့ ပွဲထွက်ခဲ့ပါတယ်။ ဒါ့အပြင် မီလ်နာလည်း ကွင်းလယ်မှာ ပွဲထွက်လာခဲ့ပါတယ်။

image

လီဗာပူးက အမှားမခံ၊ နယူးကာဆယ်က အမှတ်မလိုတဲ့ အနေအထားကြောင့် ပထမပိုင်းမှာ ပွဲကနည်းနည်းလေး အေးသယောင်ရှိခဲ့ပါတယ်။ လီဗာပူးကတော့ ဒီယက်ဇ်၊ နာဘီကီတာတို့ရဲ့ တိုးအားတွေနဲ့ နယူးကာဆယ်နောက်တန်းကို ထိုးဖောက်ဖို့ ကြိုးစားနေခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကတော့ စိတ်ဝင်စားစရာမရှိခဲ့ပါဘူး။

image

ပွဲကစားချိန် (၁၈) မိနစ်မှာတော့ လီဗာပူးအတွက် နာဘီကီတာက ဂျိုတာနဲ့ ဝမ်းတူးရိုက်၊ ပြိုင်ဘက်ဂိုးသမားကိုပါ လိမ်ခေါက်ပြီး ဒီပွဲအတွက် တလုံးတည်းသောသွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးမတိုင်ခင်မှာ နယူးကာဆယ် ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပွဲကို ဆက်ကစားခွင့်ပြုခဲ့ပြီး ဂိုးကိုလည်း ခွင့်ပြုခဲ့တာကြောင့် အငြင်းပွားစရာဖြစ်ခဲ့ရပါတယ်။

နယူးကာဆယ်ဘက်က ချေပဂိုးတဂိုးလည်း ပြန်သွင်းခဲ့သေးပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးက ဆာလာ၊ ဖာဘင်ဟို၊ ဟန်ဒါဆန်တို့ကိုထည့်ပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နည်းနည်းလေးမှ အမှားခံလို့မရတဲ့ လီဗာပူးက အလွန်အကျွံတိုက်စစ်ဆင်တာမျိုးတွေ မလုပ်ဘဲ ပွဲကို ထိန်းချုပ်နိုင်ဖို့ပဲ အဓိက ဦးတည်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပထမပိုင်းမှာရရှိခဲ့တဲ့ နာဘီကီတာရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ လီဗာပူးတို့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လိဒ်စ်နဲ့မန်စီးတီးရဲ့ ညနက်ပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့ပါတယ်။ လာမယ့်တပတ် စပါးနဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင်မှာ လီဗာပူးအတွက် ဒီနိုင်ပွဲက အရေးပါတဲ့နိုင်ပွဲတပွဲလည်းဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က