စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ နှစ်စဉ်ကျင်းပနေကျ ဖြစ်တဲ့ Mobile World Congress (MWC) ပွဲကို ဒီနှစ်ထဲ ကျင်းပဖြစ်တော့မှာ မဟုတ်ပါဘူး။
ကမ္ဘာ့အကြီးဆုံး မိုဘိုင်းထုတ်ကုန်နဲ့ နည်းပညာပြပွဲတစ်ခု ဖြစ်တဲ့ MWC ပွဲကို စီစဉ်တဲ့ GSM Association(GSMA) ကနေ ပွဲအစီအစဉ်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကျော်အတွင်း ဒီပွဲကို လာမယ့် ကုမ္ပဏီတွေနဲ့ ပြခန်းတွေဟာ MWC 2020 ကို တက်ရောက်ဖြစ်မှာ မဟုတ်ကြောင်း ကြေညာပြီးတဲ့နောက် အခုလို ပွဲဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။

Photo: Tech Times
GSMA ရဲ့ CEO ဖြစ်သူ ဂျွန်ဟော့ဖ်မန်းရဲ့ ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပွဲကျင်းပဖို့ မဖြစ်နိုင်တော့ကြောင်း ဖော်ြပထားပါတယ်။ ဒီနှစ် MWC ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်နေ့အတွင် ဘာစီလိုနာမြို့မှာ ကျင်းပသွားဖို့ စီစဉ်ထားတာပါ။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၁၀၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
သေဆုံး/ကူးစက်ခံရမှု အများဆုံး နေရာတွေဟာ ဗိုင်းရပ်စ်စတင်ရာ ဝူဟန်မြို့နဲ့ ဟူဘေးခရိုင်တစ်ဝိုက်တွေ ဖြစ်ပြီး အနည်းဆုံး ၂၅ နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှု ကြုံတွေ့နေရပါတယ်။ GSMA အဖွဲ့အစည်းဟာ ပွဲအတွင်း ဗိုင်းရပ်စ် ကူးစက်မှု မကြံရစေဖို့ လက်ဆွဲနှုတ်ဆက်ခြင်း မပြုဖို့နဲ့ တရုတ်နိုင်ငံ ဟူဘေးခရိုင်က ဧည့်သည်များ ပိတ်ပင်ဖို့ ကြိုးစားခဲ့ပါတယ်။
Photo: The Verge
MWC 2020 ဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေအတွက် အကြီးဆုံး ပြပွဲကြီးတစ်ခု ဖြစ်ပြီး အရေးပါတဲ့ စမတ်ဖုန်း brand အားလုံး တက်ရောက်လေ့ရှိတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဘေးကြောင့် LG ၊ ZTE ၊ Ericsson ၊ Nvidia ၊ Intel ၊ Vivo ၊ Sony ၊ Amazon ၊ NTT Docomo ၊ Cisco ၊ Nokia ၊ BT နဲ့ HMD တို့ဟာ MWC ပွဲ တက်ရောက်မယ့် အစီအစဉ် ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီပွဲကို မိုဘိုင်းထုတ်ကုန်ဆိုင်ရာ ကုမ္ပဏီပေါင်း ၁၂၀၀ ကျော်ကို ကိုယ်စားပြုတဲ့ GSMA အဖွဲ့အစည်း က ကျင်းပခဲ့တာ ဖြစ်ပြီး ပွဲအတွင်းထောင်နဲ့ ချီတဲ့ မိတ်ဘက်ပြု သဘောတူမှုများ ၊ ထုတ်ကုန်မိတ်ဆက်ခြင်းနဲ့ လုပ်ငန်းပူးပေါင်းမှုများအတွက် အခွင့်အရေးတွေ ဖန်တီးပေးနေတာပါ။ MWC ကို နှစ်စဉ် ဘာစီလိုနာမှာ ကျင်းပနေတာ ဖြစ်ပြီး ပွဲအတွင်း အချိန်ပိုင်း အလုပ် ၁၄၁၀၀ နဲ့ စီးပွားရေးအရ ယူရို ၄၉၂ သန်းအထိ ဖော်ဆောင်နိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။