လီဗာပူး နောက်ခံလူ အာနိုးလ်က ကလော့ပ်သာ အင်္ဂလန်လက်ရွေးစင်နည်းပြဖြစ်လာခဲ့ရင် အံ့အားသင့်မိမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ လီဗာပူးနဲ့ လမ်းခွဲသွားခဲ့တာပါ။

လက်ရှိမှာတော့ ကလော့ပ်က ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ လက်ခံမှာ မဟုတ်ဘဲ အနားယူဦးမယ်လို့ ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ ကလော့ပ်ကို အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ သတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။

ဒီအပေါ်မှာ အာနိုးလ်က “ကျနော် ကလော့ပ်နဲ့ လက်တွဲအလုပ်လုပ်ခဲ့ရတဲ့ အချိန်တိုင်းမှာ ပျော်ရွှင်ခဲ့ရပါတယ်။ ကျနော်တို့အကြား အံ့အားသင့်ဖွယ် အမှတ်တရတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူသာ အင်္ဂလန်နည်းပြရာထူးကို လက်ခံခဲ့မယ်ဆိုရင် ကျနော် အံအားသင့်မိပါလိမ့်မယ်”
“သူ လီဗာပူးကနေ ထွက်မယ်လို့ ကြေညာချိန်မှာရော၊ ကျနော်နဲ့ ပြောခဲ့တာရော၊ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေအရရောဆိုရင် သူက အနားယူနေဦးမှာပါ။ အဲ့ဒါကြောင့်လည်း ကျနော် အံ့အားသင့်မိမယ်လို့ ပြောတာပါ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။
အင်္ဂလန်ဟာ ပြီးခဲ့တဲ့ယူရိုမှာ ဒုတိယရခဲ့တဲ့နောက် နည်းပြ ဆောက်ဂိတ်နဲ့ လမ်းခွဲခဲ့ပါတယ်။ အင်္ဂလန်က ဆောက်ဂိတ်ကို သက်တမ်း ဆက်တိုးချင်သည့်တိုင် ကာယကံရှင်ကိုယ်တိုင်က အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။