အသင်းတစ်သင်း အောင်မြင်ဖို့ဆိုရင်တော့ ကွင်းတွင်း၊ ကွင်းပြင် အရာအားလုံးက ဟန်ချက်ညီ ယိမ်းနွဲ့လှုပ်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ ကွင်းထဲမှာ ကစားသမားတွေခြေစွမ်းပြနိုင်ဖို့အတွက် နောက်ကွယ်က ပံ့ပိုးကူညီရတဲ့ အသင်းဝန်ထမ်းတွေ၊ ဝတ်စုံတာဝန်ခံကစလို့ စားသောက်ခန်းကဝန်ထမ်းအထိ အားလုံးကအရေးပါတဲ့နေရာမှာရှိနေပါတယ်။

လက်ရှိအချိန်မှာလည်း လီဗာပူးနည်းပြ ကလော့ပ်က သူ့အသင်းရဲ့ အာဟာရပိုင်းဆိုင်ရာအကြီးအကဲ မိုနာနမ်မာကို လူသိရှင်ကြား ထုတ်ဖော်ချီးကျူးခဲ့ရပါတယ်။ နမ်မာဟာ ပြီးခဲ့တဲ့ (၂၀၁၆) တည်းက ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ (၅) နှစ်ကြာ တာဝန်ထမ်းဆောင်လျက်ရှိသူပါ။

ဒီလိုမျိုး နမ်မာနဲ့ပတ်သက်လို့ ကလော့ပ်က နှစ်ထောင်းအားရဖြစ်နေပြီး ဒီအမျိုးသမီးနဲ့ပတ်သက်လို့ ကလော့ပ်က “နမ်မာရဲ့ အကျိုးသက်ရောက်မှုက အရမ်း အရမ်းကိုကြီးမားပါတယ်။ သူက ကျွန်တော်ကြုံခဲ့ဖူးသမျှထဲ အကောင်းဆုံး အာဟာရပိုင်းဆိုင်ရာ အကြီးအကဲလို့ လွယ်လွယ်လေးပြောနိုင်ပါတယ်”
“ဘာလို့လဲဆိုတော့ ကျွန်တော် သူနဲ့ပဲ လက်တွဲခဲ့ဖူးလို့လေ။ ကျွန်တော် လီဗာပူးကိုမရောက်ခင် အသင်းအတွက် ဒီလိုမျိုး အာဟာရပညာရှင် ခန့်အပ်ဖို့ တစ်ခါမှ မစဥ်းစားခဲ့ဖူးပါဘူး။ ကျွန်တော် ရာနှုန်းပြည့် အရိုးသားဆုံးပြောတာပါ။ ဂျာမနီနဲ့အင်္ဂလန်က အရာအားလုံး ကွဲပြားခြားနားပါတယ်”
“ဂျာမနီမှာဆိုရင် ကျွန်တော်တို့က လေ့ကျင့်ရေးကွင်းကနေ အဝေးကြီးသွားစရာမလိုဘဲ စားသောက်ဆိုင်တွေ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ကို ဘယ်သူကမှ လာပြီး လွှမ်းမိုးချုပ်ချယ်လို့မရပါဘူး။ ကျွန်တော် လီဗာပူးကိုရောက်ပြီး ပထမဆုံးနေ့မှာတင် ‘အိုး... ဒါအဆင်ပြေပါတယ်’ လို့ ပြောခဲ့ပါတယ်”
“ဒုတိယမြောက်နေ့ကျတော့ သိပ်မသေချာတော့ဘူးဗျ။ နောက်တော့ ကျွန်တော်တို့ ဘာတွေအပြောင်းအလဲလုပ်ဖို့ လိုအပ်မလဲဆိုပြီး စဥ်းစားရတော့တာပေါ့။ ဒါပေမယ့် ကျွန်တော် မိုနာကိုတွေ့လိုက်တဲ့ ပထမဆုံး အခိုက်အတန့်မှာပဲ တကယ်၊ တကယ်ကို ပျော်ရွှင်သွားတာဗျ”
“ဘာလို့လဲဆိုတော့ သူက တစ်ခုခုနဲ့ပတ်သက်လို့ ဗဟုသုတကောင်းကောင်းရှိတယ်ဆိုတာ သိလိုက်ရလို့ပါ။ ကျွန်တော်တို့ ဘောလုံးလောကအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အာဟာရပိုင်းဆိုင်ရာမှာ သူက အပြည့်အဝ စိတ်အားထက်သန်သလို ဗဟုသုတလည်းရှိပါတယ်။ ဒီတော့ ဒါက လုံးဝကိုပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်ခဲ့တာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။
နမ်မာဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ Lockdown ကာလအတွင်းမှာလည်း လီဗာပူးအသင်းသားတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဂရုစိုက်ပံ့ပိုးပေးခဲ့ပြီး သူ့ကြောင့်သာ ကစားသမားတွေက Lockdown ကာလကို စားသောက်ပုံနည်းစနစ်မှန်မှန်နဲ့ ဖြတ်သန်းနိုင်ခဲ့တယ်လို့လည်း ကလော့ပ်က ပြောကြားသွားခဲ့ပါသေးတယ်။