ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် တရားဝင်အသိအမှတ်ပြုခံရတဲ့ နည်းပညာသူဌေးကြီး အီလွန်မတ်စ်ကိုယ်တိုင်က သူ့ထက်ချမ်းသာတဲ့သူရှိပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
ကမ္ဘာပေါ်မှာအချမ်းသာဆုံး သူဌေးကြီးတွေကို စာရင်းစီလိုက်ရင် ခန့်မှန်းခြေ ဒေါ်လာဘီလျံ ၂၇၀ ကြွယ်ဝတဲ့ အီလွန်မတ်စ်ကိုပဲ ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံးလို့ ပြောလေ့ရှိပါတယ်။ Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ မတ်စ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးထရီလီယံနာ (ဒေါ်လာဘီလျံ ၁၀၀၀ နဲ့အထက် ချမ်းသာသူ) ဖြစ်လာမယ်လို့ပါ ထင်ကြေးပေးခံထားရသူ ဖြစ်ပါတယ်။

(Putin’s Country Cottage) - Photo: sundayworld
ဒါပေမယ့်လည်း မတ်စ်ကိုယ်တိုင်က သူ့ထက် အပုံကြီး ချမ်းသာတဲ့သူ ရှိပါတယ်လို့ ဝန်ခံထားပါတယ်။ Axel Springer ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာသီးယပ်စ် ဒေါ့ဖင်နာနဲ့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောသွားတာပါ။ သူပြောတာက "ပူတင် (ရုရှားသမ္မတ ဗလာဒီမာ ပူတင်) က ကျုပ်ထက် အများကြီး ချမ်းသာတယ်လို့ ထင်တယ်" ဆိုတာပါပဲ။
အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပဲ ကမ္ဘာ့အချမ်းသာဆုံးသူဌေးနေရာမှာ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်ကို ကျော်တက်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိပိုင်ဆိုင်မှု ဒေါ်လာဘီလျံ ၂၇၀ လောက်ရှိတဲ့ ပုဂ္ဂိုလ်ထက် ပူတင်က ဘယ်လောက် ပိုချမ်းသာနေသလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။ ဒီမေးခွန်းကို ပူတင်ကိုယ်တိုင်ကလွဲပြီး တခြားသူတွေ ဖြေနိုင်မယ် မထင်ပါဘူး။
ကရင်မလင်နန်းတော်ကတော့ ပူတင်ရဲ့ တစ်နှစ်ရတဲ့လစာဟာ ဒေါ်လာ ၁၄၀၀၀၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။ အများသိအောင် ချပြထားတဲ့ ပူတိုင်ရဲ့ ပိုင်ဆိုင်မှုထဲမှာ စတုရန်းပေ ၈၀၀ ကျယ်တဲ့ တိုက်ခန်းတစ်ခန်း ၊ ထရပ်ကားတစ်စီးနဲ့ ကား ၃ စီးပဲ ပြထားပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတချို့ကတော့ ပူတင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နိုင်တယ်လို့ တွက်ထားကြပါတယ်။
Photo: vacationstravel
ကောလာဟလတွေအရ ပူတင်ဟာ ပင်လယ်နက်ကို စီးမြင်နေရတဲ့ ကျောက်တောင်ကုန်းကြီးထိပ်မှာ စတုရန်းပေ ၁၉၀၀၀၀ ကျယ်ဝန်းတဲ့ စံအိမ်ကြီးတစ်ဆောင်ပိုင်ထားတယ်လို့ ဆိုပါတယ်။ ဒီနေရာကို သီးသန့်နန်းတော်သဖွယ် အသုံးပြုထားပြီး ပူတင်ရဲ့ အပန်းဖြေကျေးလက်ယာတဲလို့လည်း ချစ်စနိုးနာမည်ပေးထားတယ်လို့ ပြောပါတယ်။ ဒီ လယ်ယာတဲရဲ့ ခန့်မှန်းတန်ကြေးက ဒေါ်လာ ၁.၄ ဘီလျံလို့လည်း ဆိုပါတယ်။ ပင်လယ်နက်ပေါ်က စံနန်းတော်ကြီးအပြင် ပူတင်ဟာ ဒေါ်လာ ၄ ဘီလျံတန် မိုနာကိုတိုက်ခန်းတစ်ခန်း ပိုင်ဆိုင်မှုနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။
ကရင်မလင်ကတော့ နန်းတော်သဖွယ် ပင်လယ်နက်က စံအိမ်ကြီးကို ပူတင်ပိုင်ဆိုင်ကြောင်း ပြောဆိုချက်တွေကို ပယ်ချခဲ့ပြီး ဒါက ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုလို့ ပြောပါတယ်။ အခုလို ပြောနေပေမယ့်လည်း ဒီအိမ်ခြံမြေကို FSB လို့ ခေါ်တဲ့ ရုရှား ဖက်ဒရယ်လုံခြုံရေးအရာရှိတွေ စောင့်ကြပ်ထားပြီး ဒီအပေါ်ကနေ လေယာဉ်ပျံသန်းခွင့်မရှိအောင် No-Fly Zone သတ်မှတ်ထားတယ်လို့ ရုရှားရေးရာ လေ့လာသူတွေက ဆိုပါတယ်။
ကိုယ်ပိုင်နန်းတော်ကြီးအပြင် ပူတင်ဟာ တခြားအိမ် ၁၉ လုံး ဟယ်လီကော်ပတာနဲ့ လေယာဉ် ၅၈ စီးအပြင် ကားအစီးရေ ၇၀၀ လည်း ပိုင်ဆိုင်တယ်လို့ ယူဆထားပါတယ်။ ဒီပိုင်ဆိုင်မှုထဲမှာ ရွှေနဲ့ လုပ်ထားတဲ့ အိမ်သာပါဝင်ပြီး The Flying Kremlin လို့ နာမည်ပေးထားတဲ့ ဒေါ်လာ ၇၁၆ သန်းတန် လေယာဉ်တစ်စီးလည်း ပါတယ်လို့ ပြောနေကြပါတယ်။ ဒါတင်မကဘဲ ရုရှားရေတပ်က နျူကလီးယားရေငုပ်သင်္ဘောထုတ်လုပ်သူကိုယ်တိုင် ဒီဇိုင်း ထုတ်ထားတဲ့ ဒေါ်လာသန်း ၁၀၀ တန် ရွက်လှေတစ်စီးလည်း ပိုင်ဆိုငထားတယ်လို့ ဆိုပါတယ်။
Photo: Qz
နာမည်ကျော် ပနားမားစီမံကိန်းကနေ ပေါက်ကြားလာတဲ့ ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၂ ဘီလျံတန် လျှို့ဝှက် ကမ်းခြေအရောင်းအဝယ် နဲ့ ငွေချေးမှုကွန်ရက်တစ်ခုက ပူတင်ကို ဦးတည်နေတယ်လို့ ဖော်ပြနေပါတယ်။ ဒီစွပ်စွဲမှုတွေကို ပူတင်က ငြင်းဆန်ထားပြီး သူချမ်းသာတာက ရုရှားလူထုက ရုရှားလို ကြီးမြတ်တဲ့ နိုင်ငံကြီးတစ်ခုကို ခေါင်းဆောင်ဖို့ သူ့ကို နှစ်ကြိမ်တိုင် ရာထူးအပ်နှင်းတာဝန်ပေး ကိုးစားထားတာကြောင့်လို့ ပြောပါတယ်။
"ကမ္ဘာ့အချမ်းသာဆုံး ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် ပူတင့်လက်ထဲ ယူကရိန်းကို အပါမခံနိုင်ဘူး"လို့ မတ်စ်က ဒေါ့ဖနာကို ပြောပါတယ်။